ဘေဂျင်း၊ မတ် ၃
မတ် ၂ ရက်က ဖုန်းခေါ်ဆိုမှုအတွင်း တရုတ် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက အီရန်အနေနဲ့ အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ တိုက်ခိုက်မှုကနေ ကိုယ့်ကိုယ်ကို ခုခံကာကွယ်နေမှုကိုထောက်ခံကြောင်း အီရန် နိုင်ငံခြားရေးဝန်ကြီးအား ပြောကြားခဲ့ပါတယ်။
ဖေဖော်ဝါရီ ၂၈ ရက်က အီရန်နိုင်ငံတဝှမ်းရှိ ပစ်မှတ်တွေကို အမေရိကန်နဲ့ အစ္စရေးတို့က တိုက်ခိုက်မှုတွေ စတင်ခဲ့ပြီးနောက် လူရာပေါင်းများစွာ သေဆုံးခဲ့ပြီ ဖြစ်ပါတယ်။
တီဟီရန်က အစ္စရေး၊ ပင်လယ်ကွေ့နိုင်ငံတွေနဲ့ ဆိုက်ပရပ်စ်ရှိ ဗြိတိန် အခြေစိုက်စခန်းတို့ကို လက်တုံ့ပြန် တိုက်ခိုက်ခဲ့ပါတယ်။
အီရန်နဲ့ တရုတ်ကြား အစဉ်အလာအရ ရင်းနှီးခင်မင်မှုကို ဘေဂျင်းက အလေးထားပြီး အီရန်အနေနဲ့ သူတို့ အချုပ်အခြာ အာဏာ နယ်နိမိတ်ဆိုင်ရာ ဂုဏ်သိက္ခာနဲ့ လုံခြုံရေးကို ခုခံကာကွယ်မှုကို တရုတ်က ထောက်ခံတယ်လို့ အီရန် နိုင်ငံခြားရေးဝန်ကြီး အာရက်ချီကို ပြောဆိုခဲ့တာပါ။
အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ စစ်ဆင်ရေးတွေ ချက်ချင်း ရပ်တန့်ဖို့နဲ့ တင်းမာမှု ပိုမြင့်တက်မလာစေရေး၊ ပဋိပက္ခ အရှေ့အလယ်ပိုင်း ဒေသတဝှမ်း ပျံ့နှံ့မလာစေရေး ကာကွယ်ဖို့ တရုတ်က တိုက်တွန်းထားပါတယ်။
အိုမန် နိုင်ငံခြားရေးဝန်ကြီးနဲ့ မတ် ၂ ရက်က သီးခြား ဖုန်းခေါ်ဆိုမှုအတွင်း ဝန်ကြီး ဝမ်ယိက အမေရိကန်နဲ့အစ္စရေးတို့ဟာ အီရန်ကို စတင်တိုက်ခိုက်ပြီးတော့ ကုလသမဂ္ဂ ပဋိညာဉ်ရဲ့ ရည်ရွယ်ချက်နဲ့ အခြေခံမူတွေကို ချိုးဖောက်နေတယ်လို့ ပြောကြားခဲ့တာပါ။
တရုတ်အနေနဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီကတဆင့် တရားဥပဒေ ထိန်းသိမ်းရေး၊ စစ်ပွဲ အဆုံးသတ်ရေး၊ ငြိမ်းချမ်းမှု ရှင်သန်စေရေး အပြုသဘော ပါဝင် ဆောင်ရွက်ဖို့ ဆန္ဒရှိကြောင်းလည်း ဝမ်ယိက ပြောပါတယ်။
နောက်ထပ် ပြင်သစ် နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ ဖုန်းခေါ်ဆိုမှုအတွင်း ဝမ်ယိက ကမ္ဘာကြီးဟာ တောတွင်း ဥပဒေအဖြစ်သို့ အဆင့်လျော့ကျလာနိုင်တဲ့ အန္တရာယ် ရှိနေကြောင်း၊ အဓိက အင်အားကြီး နိုင်ငံတွေ အနေနဲ့ သူတို့ရဲ့ စစ်အင်အား ထူကဲ သာလွန်မှုကြောင့် အခြား နိုင်ငံတွေကို တိုက်ခိုက်ချင်တိုင်း တိုက်ခိုက်လို့ မရကြောင်း ဝမ်ယိက ပြောကြားခဲ့ပါတယ်။
အီရန်ရဲ့ နျူကလီးယား စီမံကိန်းကိစ္စကို နိုင်ငံရေးအရ သံတမန်ရေးအရ ဖြေရှင်းသင့်တယ်လို့လည်း ဝမ်ယိက ဆိုတာပါ။
အီရန်နဲ့ တိုက်ခိုက်မှုတွေအတွင်း အမေရိကန် စစ်သား လေးဦး သေဆုံးသွားပြီးနောက် အီရန် စစ်ပွဲ သီတင်းပတ်နဲ့ချီ ကြာနိုင်ပြီး တစ်လလောက်ကြာနိုင်တယ်လို့ ထရန့်က ပြောထားပါတယ်။
အီရန်က ပင်လယ်ကွေ့နိုင်ငံတွေ၊ အစ္စရေးနဲ့ ဆိုက်ရပ်စ်ရှိ ဗြိတိန် အခြေစိုက် စခန်းတို့ကို တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပြီး ဗြိတိန် ပြင်သစ်နဲ့ ဂျာမနီတို့က ခုခံကာကွယ်ရေး အစီအစဉ်မှာ ပါဝင်လာပြီလို့ ပြောပါတယ်။
ပြင်သစ်ကတော့ အီရန်ကို ဝေဟင်က တိုက်ခိုက်မှုတွေ ပြုလုပ်ပြီးတော့ အစိုးရ ပြောင်းလဲအောင် လုပ်လို့ မရဘူးလို့ ယုံကြည်တာကြောင့် တိုက်ခိုက်ရေးမှာ ပါဝင်မှာ မဟုတ်ဘူးလို့ ပြောထားပါတယ်။
အစ္စရေးက အီရန်ကို ကြိုတင် ကာကွယ်တဲ့အနေနဲ့ တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့သလို လက်ဘနွမ်ရှိ အီရန်ကိုယ်စား တပ်ဖွဲ့ ဟစ်ဇ်ဘိုလာကိုလည်း တိုက်ခိုက်ခဲ့ ပါတယ်။
Ref:AFP

