ဘန်ကောက် ၊ မတ် ၂

ထိုင်းမှာ နှစ်လစာအတွက် အရန်ရေနံ ရှိထားပြီး ဖြစ်ကြောင်း အီရန် စစ်ပွဲ အရှိန်ဆက်လက် မြင့်တက်လာရင် စွမ်းအင် ဖူလုံရေး ရေနံ ဝယ်ယူဖို့ အရင်းအမြစ် အသစ်တွေ ရှာဖွေမှာ ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာနက မတ် ၁ ရက် ပြောလိုက်ပါတယ်။

ထိုင်းမှာ ဖေဖော်ဝါရီ ၂၃ ရက်နေ့အထိ နိုင်ငံတွင်း ရေနံစိမ်းနဲ့ သန့်စင်ပြီး ရေနံ လီတာ ၃ ဒသမ ၉၂ ဘီလီယံ ရှိတယ်လို့ စွမ်းအင်ဝန်ကြီးဌာန လက်ထောက် အမြဲတမ်း အတွင်းဝန် ဗီရာပက်က ပြောကြားပြီး အဲဒီ ပမာဏဟာ ၃၈ ရက်လောက်အထိ သုံးစွဲဖို့ လုံလောက်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ထိုင်းသို့ ပို့ဆောင်မယ့် ရေနံစိမ်း လီတာ ၁ ဒသမ ၇၅ ဘီလီယံဟာ ဟောမု့ဇ် ရေလက်ကြား ပြင်ပ လမ်းကြောင်းကနေ မကြာခင် ရောက်လာတော့မှာ ဖြစ်ကြောင်း သူက ပြောပါတယ်။

တခြား နိုင်ငံတွေဆီကလည်း ရေနံစိမ်း လီတာ ၁ ဒသမ ၁၂ ဘီလီယံလည်း ထိုင်းသို့ ပေးပို့မှာ ဖြစ်ကြောင်း လက်ထောက် စွမ်းအင်ဝန်ကြီးက ဆိုပါတယ်။

ဟောမု့စ် ရေလက်ကြားအနီး သင်္ဘောတွေကို အီရန်က တိုက်ခိုက်နေတာကြောင့် ကမ္ဘာ့ရေနံဈေး မြင့်တက်နေပါတယ်။

ထိုင်းမှာ ရှိထားတဲ့ ဒါမှဟုတ် နောက်ထပ် ရောက်ရှိလာမယ့် ရေနံတွေ အားလုံးပေါင်းရင် ၆၁ ရက်စာ အသုံးပြုဖို့ လုံလောက်မှာ ဖြစ်ကြောင်း မစ္စတာ ဗီရာပက်က ပြောပါတယ်။

ရေနံစိမ်းအပြင် ဓာတ်ငွေ့အရည် တင်ဆောင်ပြီး ထိုင်းသို့ လာရောက်ပို့ဆောင်မယ့် သင်္ဘော လေးစီးထဲက နှစ်စီးဟာ ဟောမု့ဇ် ရေလက်ကြားကို ဖြတ်ကျော်လာပြီ ဖြစ်ကြောင်း သူက ပြောပါတယ်။

အီရန် စစ်ပွဲ ဆက်လက်ရှည်ကြာနေတာ ဒါမှမဟုတ် ဆက်လက် အရှိန်မြင့်လာရင် စွမ်းအင် ဝန်ကြီးဌာနက ထိုင်းမှာ အရန်စွမ်းအင် ဖူလုံရေး ရေနံ ပြတ်လပ်မှု ကြိုတင် ကာကွယ်ရေး အစီအမံတွေ လုပ်ဆောင်သွားမှာ ဖြစ်ကြောင်းနဲ့ ဟောမု့ဇ် ရေလက်ကြား ပိတ်သွားရင် နိုင်ငံတကာ စွမ်းအင် လိုအပ်မှုရဲ့ ၂၀ရာခိုင်နှုန်း ထိခိုက်မှု ရှိမှာ ဖြစ်ကြောင်း မစ္စတာ ဗီရာပက်က ဆိုပါတယ်။

ပြည်တွင်း သုံးစွဲဖို့ ဟင်းချက်ဖို့ သဘာဝဓာတ်ငွေ့နဲ့ ဓာတ်ငွေ့အရည် အလုံအလောက် ရှိနေမှာ ဖြစ်တာကြောင့် အများပြည်သူ စိုးရိမ်စရာ မလိုဘူးလို့လည်း သူက ပြောပါတယ်။

ဒီအတောအတွင်း ထိုင်း အလုပ်သမားဝန်ကြီးဌာနနဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနတို့က အန္တရာယ်ရှိတဲ့ အရှေ့အလယ်ပိုင်း ဒေသတွေကို ထိုင်းအလုပ်သမားတွေ စေလွှတ်မှုကို ရပ်ဆိုင်းထားဖို့ သဘောတူထားပါတယ်။

Ref:Bangkokpost

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.