ပါရီ၊ မတ် ၂

အီရန် စစ်ပွဲကြောင့် ပြင်သစ်အနေနဲ့ အရှေ့အလယ်ပိုင်း ဒေသမှာ စစ်အင်အား တိုးမြှင့်ထားရပြီး ဒေသတွင်း မဟာမိတ်တွေကို ကူညီပေးနေရတယ်လို့ သမ္မတ အမ်မန်နူရယ် မက်ကရွမ်က မတ်လ ၁ ရက်မှာ ပြောလိုက်ပါတယ်။

မတ်လ ၁ ရက်မှာ ပြင်သစ် ရေတပ် အခြေစိုက်စခန်းရှိ လေယာဉ် ထားသိုရာနေရာ တစ်ခု ဒရုန်းနဲ့ တိုက်ခိုက်ခံခဲ့ရတာကြောင့် အချိန်နဲ့ တပြေးညီ ခုခံကာကွယ်နိုင်အောင် လုပ်ဆောင်ခဲ့ရကြောင်း သမ္မတ မက်ခရွမ်က ပြောပါတယ်။

အမေရိကန်ရဲ့ တိုက်ခိုက်မှုတွေ မစတင်ခင် အစ္စရေးက အီရန်ရဲ့ ဒုံးကျည်တွေနဲ့ ပစ်ခတ်လာနိုင်တဲ့ စစ်စန်းတွေကို ကြိုတင် ထားဆီးတဲ့အနေနဲ့ တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

အမေရိကန်က အီရန်မြို့တော် တီဟီရန်နဲ့ တခြားမြို့တွေကို B2 ဗုံးကြဲ လေယာဉ်တွေ အပါအဝင် အင်အား အလုံးအရင်းနဲ့ တိုက်ခိုက်နေတာ ဖြစ်ပါတယ်။

အရှေ့အလယ်ပိုင်း ရေပြင်သို့ အမေရိကန်က ကမ္ဘာအကြီးဆုံး လေယာဉ်တင်သင်္ဘော အပါအဝင် လေယာဉ်တင်သင်္ဘောနဲ့ ရေတပ် ရေယာဉ် အုပ်စု စေလွှတ်ထားပြီးနောက် အီရန်ကို တိုက်ခိုက်တာ ဖြစ်ပါတယ်။

အမေရိကန်က တိုက်ခိုက်လာရင် ဒေသတွင်းရှိ အမေရိကန် ပစ်မှတ်တွေကို တိုက်ခိုက်မှာ ဖြစ်ကြောင်း အီရန်က ပြောထားတဲ့အတိုင်း ယူအေအီး၊ ကူဝိတ်နဲ့ ဆော်ဒီ အာရေးဗီးယားတို့ကို တိုက်ခိုက်ခဲ့ပါတယ်။

ဗြိတိန်ကလည်း အမေရိကန်အနေနဲ့ သူတို့ရဲ့ တပ်စခန်းတွေကို ခုခံ ကာကွယ်ရေး မိမိတို့ အခြေစိုက် စခန်းတွေကို အသုံးပြုနိုင်ကြောင်း ဝန်ကြီးချုပ် ကီယာ စတာမာက ပြောထားပါတယ်။

အီရန်ကို အမေရိကန်က တိုက်ခိုက်မှုအတွင်း ထိပ်တန်း ခေါင်းဆောင် အယာတိုလာ အလီခါမေနီ နဲ့ ခေါင်းဆောင် အတော်များများ သေဆုံးခဲ့ကြောင်း အီရန် သတင်းဌာနတွေက ဖော်ပြထားပါတယ်။

အီရန် နိုင်ငံခြားရေးဝန်ကြီး အာရက်ချီကတော့ ခါမေနီ သေဆုံးပေမယ့် အီရန် အစိုးရ အုပ်ချုပ်မှု ပုံစံ ပြောင်းလဲသွားမှာ မဟုတ်ဘူးလို့ ပြောထားပါတယ်။

Ref:AP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.