မြဝတီမြို့မှာ စက်သုံးဆီစတင်ပြတ်လပ်

ဘားအံ၊ မတ် ၄

ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် မြဝတီ၊ ရွှေကုက္ကိုလ်မြို့တို့မှာ မတ်လ ၃ ရက်နေ့ကစလို့ စက်သုံးဆီ ပြတ်လပ်နေပြီး စက်သုံးဆီအရောင်းဆိုင်အများစု ပိတ်ထားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

အရှေ့အလယ်ပိုင်းပဋိပက္ခအရေးကြောင့် ထိုင်းနိုင်ငံက ပြည်ပနိုင်ငံတွေဆီ စက်သုံးဆီတင်ပို့ရောင်းချမှုကို ရပ်ဆိုင်းလိုက်ကြောင်း မတ်လ ၁ ရက်နေ့မှာ ကြေညာလိုက်ပါတယ်။

ထိုင်းနိုင်ငံက စက်သုံးဆီကို အဓိကမှီခိုအားထားအသုံးပြုရတဲ့ နယ်စပ်မြို့ မြဝတီ၊ ရွှေကုက္ကိုမြို့သစ်တွေမှာ မတ်လ ၃ ရက်နေ့ မနက်ပိုင်းမှာ ဒေသခံတွေက စက်သုံးဆီဆိုင်တွေဆီ သွားရောက်ပြီး အလုအယက်ဝယ်ယူနေကြတာပါ။

စက်သုံးဆီတွေ အလုအယက်သွားရောက်ဝယ်ယူနေကြတဲ့အတွက် မြဝတီမြို့က စက်သုံးဆီဆိုင်ကြီးတွေမှာ စက်သုံးဆီတွေကို အကန့်အသတ်နဲ့သာ ရောင်းချတော့သလို စက်သုံးဆီဈေးလည်း ခုန်တက်သွားပြီး မတ်လ ၃ ရက် ညနေပိုင်းမှာ ဆီဆိုင်ကြီးတွေအားလုံးနီးပါး ပိတ်သွားခဲ့တယ်လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။

ဒါ့အပြင် ထိုင်းဘက်က ဆီတင်ပို့မှုရပ်ထားတဲ့သတင်းကြောင့် ရွှေကုက္ကိုမြို့မှာလည်း စက်သုံးဆီဆိုင်ကြီးတွေ ပိတ်ကုန်ပြီး လက်ရှိအခြေအနေအရ စက်သုံးဆီပြန်လည်ရရှိနိုင်ဖို့ မရှိသေးဘူးလို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ထိုင်းနိုင်ငံက မြန်မာနိုင်ငံ မြဝတီမြို့ကို ဖြန့်ဝေရောင်းချပေးနေတဲ့ စက်သုံးဆီတွေကို ပြီးခဲ့တဲ့နှစ် ၂၀၂၅ ဖေဖော်ဝါရီလက ပိတ်ထားခဲ့တာဖြစ်ပြီး စက်သုံးဆီအတွက် ထိုင်းနိုင်ငံ မှောင်ခိုဈေးနဲ့ ပြည်တွင်းက တင်သွင်းရောက်ရှိလာတဲ့ စက်သုံးဆီတွေကို ဝယ်ယူအသုံးပြုနေရတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အပတ်က မြဝတီမြို့မှာ စစ်ကော်မရှင်က လမ်းဘေးတွေမှာ စက်သုံးဆီရောင်းချနေတဲ့သူတွေကို မီးဘေးအကြောင်းပြပြီး လိုက်လံဖမ်းဆီးနေတဲ့အပြင် မော်လမြိုင်၊ဘားအံမြို့တွေကနေ မြဝတီမြို့ထဲကို သယ်ယူလာတဲ့ စက်သုံးဆီတွေကိုလည်း စစ်ကော်မရှင်တပ်က လိုက်လံဖမ်းဆီးမှုတွေ လုပ်ဆောင်နေပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.