နေပြည်တော် ၊ မတ် ၄
မြို့ပြနဲ့ ကျေးလက်ဒေသအားလုံး လူတိုင်းလက်လှမ်းမီနိုင်တဲ့ လူတိုင်းသုံးနိုင်ပြီး ဈေးနှုန်းချိုသာတဲ့ အင်တာနက်ချိတ်ဆက်မှုရရှိအောင် လုပ်ဆောင်ပေးမှာဖြစ်ပြီး ဆိုက်ဘာလုံခြုံရေးကို မြှင့်တင်မယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင်က ပြောပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၇ ရက်နေ့မှာ မန္တလေးတိုင်း ပြင်ဦးလွင်မြို့ ရတနာပုံမြို့သစ်စီမံကိန်းမှာ ကျင်းပခဲ့တဲ့ ဒစ်ဂျစ်တယ်မြန်မာ နည်းပညာနှီးနှောဖလှယ်ပွဲနဲ့ ပြပွဲအခမ်းအနားမှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုခဲ့တာပါ။
မိမိတို့အနေနဲ့ အစိုးရရဲ့ အုပ်ချုပ်ရေးယန္တရား အပါအဝင် ပြည်သူ့ဝန်ဆောင်မှုကဏ္ဍမှာ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းမှုကို အရှိန်အဟုန်မြှင့်တင်ဖို့ ဆိုက်ဘာနည်းပညာဆိုင်ရာ အသိပညာမြှင့်တင်သွားမယ်လို့ ပြောပါတယ်။
ဒါ့အပြင် စီးပွားရေးလုပ်ငန်းတွေရဲ့ ဒစ်ဂျစ်တယ်ပြိုင်ဆိုင်မှုစွမ်းရည်ကို မြှင့်တင်ဖို့ နည်းပညာရှင်တွေနဲ့ လုပ်ငန်းခွင်အကြား ချိတ်ဆက်မှုဖန်တီးဖို့နဲ့ နည်းပညာဂေဟစနစ်တစ်ခု တည်ဆောက်ဖို့ ရည်ရွယ်ထားတယ်လို့ ဆိုပါတယ်။
လူတိုင်းသုံးနိုင်ပြီး ဈေးနှုန်းချိုသာတဲ့ အင်တာနက်ချိတ်ဆက်မှုရရှိရေး၊ အမျိုးသမီးတွေ၊ လူငယ်တွေ၊ သက်ကြီးရွယ်အိုတွေနဲ့ မသန်စွမ်းသူတွေ အပါအဝင် ဒစ်ဂျစ်တယ်နည်းပညာကို အလွယ်တကူ အသုံးပြုနိုင်စေရေးကိုလည်း လုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။
တစ်ဘက်မှာ ဆိုက်ဘာလုံခြုံရေးကို မြှင့်တင်ပြီး ဒေသတွင်း ဆိုက်ဘာတိုက်ခိုက်မှုတွေကို စုပေါင်းကာကွယ်ဖို့နဲ့ အွန်လိုင်းကနေ ငွေကြေးလိမ်လည်မှုတွေကို နှိမ်နင်းပြီး သုံးစွဲသူတွေ ယုံကြည်စိတ်ချစွာ အသုံးပြုနိုင်တဲ့ ပတ်ဝန်းကျင်တစ်ခု ဖန်တီးပေးသွားမယ်လို့ စစ်ခေါင်းဆောင်က ပြောကြားခဲ့တာပါ။
အာဏာသိမ်းမှုအတွင်း စစ်တပ်ထိန်းချုပ်မှုအောက်က ဆက်သွယ်ရေးအော်ပရေတာတွေရဲ့ ဝန်ဆောင်မှုတွေကို ပေးရတဲ့ ဈေးနှုန်းနဲ့တန်အောင် မခံစားရဘဲ လျှော့ချခံနေရပြီး လိုင်းအားလည်း မကောင်းတဲ့အတွက် တာဝန်ယူမှု တာဝန်ခံမှု မရှိဘူးလို့ သုံးစွဲသူတွေက ဝေဖန်ကြပါတယ်။
ပြည်သူတစ်ဦးက အာဏာသိမ်းချိန်ကနေ လက်ရှိအချိန်ထိ ကျေးလက်ဒေသတွေမှာ အင်တာနက်သုံးရတာ အဆင်မပြေဖြစ်နေသလို စောင့်ကြည့်တာတွေ ရှိနေတဲ့အတွက် အခက်အခဲအများကြီးရှိတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“၂၀၂၁ ကနေ အခု ၂၀၂၆ အထိ အင်တာနက်ပိုင်းကျတော့ ကျွန်တော်တို့ ကျေးလက်ဒေသမှာ သိပ်ပြီး အဆင်မပြေနေဘူး။ တခါတလေကျတော့ ဝိုင်ဖိုင်ပိုင်းမှာလည်း အဆင်မပြေဘူး။ နောက်ပြီး ဒေတာဝယ်သမားတွေကျတော့လည်း ဒေတာစားများတာပေါ့။ အဲဒီလိုမျိုး အခက်အခဲတွေ အများကြီး ကြုံတွေ့ရတာပေါ့။ လိုင်းနဲ့ ပတ်သက်ပြီး အင်တာနက်နဲ့ ပြောမယ်ဆိုရင် VPN ကအစ အမှန်တကယ် မဖြစ်သင့်တဲ့ဟာ။ လိုင်းဖွင့်တာနဲ့ VPN ခံရဦးမယ်ဆိုတော့ VPN ကလည်း တစ်ခုရတာနဲ့ ကျန်တဲ့ အပိုင်းတွေ သူတို့ (စတ/စကမ) စောင့်ကြည့်ရေးအဖွဲ့ဆိုတာမျိုး ရှိတယ်။ VPN ကို သူတို့ ထပ်ပိတ်ပြန်ပြီ။ VPN နောက်တစ်ခု ယူလည်း သူ ထပ်ပိတ်တော့ အဲဒါ ပြည်သူလူထု အခက်အခဲအများကြီး ဖြစ်တယ်”လို့ ဆိုပါတယ်။
၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ စစ်တပ်ရဲ့ တကျော့ပြန် အာဏာသိမ်းချိန်ကစပြီး ပြည်သူတွေဟာ အင်တာနက်သုံးစွဲမှု ကန့်သတ်ခံရတာ၊ ဖုန်းလိုင်းဖြတ်တောက်ခံရတာနဲ့ ဆိုရှယ်မီဒီယာတွေအထိ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်တွေ ကန့်သတ်ပိတ်ပင်ခံထားရတာ ဒီကနေ့တိုင်ပါ။
မြန်မာနိုင်ငံမှာ လူသုံးအများဆုံးဖြစ်တဲ့ Facebook ကို အာဏာသိမ်းမှုအတွင်း စစ်ကော်မရှင်က ပိတ်ပင်ထားတဲ့အတွက် VPN လို့ခေါ်တဲ့ Virtual Private Network ဆိုတဲ့ Software ကနေ တဆင့်ခံပြီး အသုံးပြုနေကြရပါတယ်။
တစ်ဘက်မှာ အင်တာနက်ပေါ်က သတင်းတွေကို တန်ပြန်ဖို့နဲ့ နိုင်ငံရေးအရ တိုက်ခိုက်ပြောဆိုတာတွေကို တားမြစ်အရေးယူနိုင်ဖို့ စစ်တပ်ရဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီက အင်တာနက်အသုံးပြုမှု ၂၄ နာရီစောင့်ကြည့်ဖို့ ကော်မတီတစ်ရပ် ဖွဲ့စည်းထားတာပါ။
ဒါဟာ ဆိုရှယ်မီဒီယာ ပလက်ဖောင်းတွေပေါ်မှာ စစ်တပ်ကို ဆန့်ကျင်ဝေဖန်ရေးသားပြောဆိုသူတွေနဲ့ တော်လှန်ရေးအင်အားစုကို ထောက်ခံတဲ့ ရေးသားပြောဆိုမှုတွေကို ဒစ်ဂျစ်တယ်ဖိနှိပ်မှု ယန္တရားတွေနဲ့ ပုဒ်မအမျိုးမျိုးတပ်ပြီး ဖမ်းဆီးထောင်ချနေတာ ဖြစ်ပါတယ်။
ဒီအခြေအနေမှာ စစ်ခေါင်းဆောင်ပြောတဲ့ ဈေးနှုန်းချိုသာတဲ့ အင်တာနက်ချိတ်ဆက်မှုရအောင် လုပ်ပေးမယ်ဆိုတဲ့အပေါ် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုရေးသားခွင့် ကန့်သတ်ခံနေရတဲ့ ပြည်သူတွေအနေနဲ့ အယုံအကြည်မရှိဘူးလို့ ဆိုပါတယ်။
နောက်ထပ် ပြည်သူတစ်ဦးကလည်း တရုတ်နည်းပညာနဲ့ စောင့်ကြည့်တာတွေ ရှိနေတဲ့အတွက် စစ်တပ်နဲ့ ငြိစွန်းသွားမှာစိုးလို့ ရှောင်ရတာတွေ ရှိနေတာကြောင့် ဆိုရှယ်မီဒီယာ သုံးရတာ မလွတ်လပ်ဘူးလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“တကယ်တမ်းကျ တရုတ်နည်းပညာနဲ့ပေါ့။ အဲဒီတော့ ကျွန်တော်တို့ တော်တော်များများကလည်း သူတို့နဲ့ ငြိစွန်းတာကို မလုပ်ကြဘူး ရှောင်ကြတာပေါ့။ TikTok မှာ အပျော်တွေ ဟိုဟာ ဒီဟာ Facebook ဆိုလည်း ဒီလိုပဲပေါ့ ထမင်းစားရေသောက် လျှောက်လည် ဒါတွေပဲ တင်နေတဲ့အခါကျတော့ သူတို့ လိုချင်တဲ့ ပန်းတိုင်မရောက်ဘူး။ သူတို့ လိုချင်တဲ့ Target ပစ်မှတ်ထားတဲ့ လူတွေကျတော့လည်း သူတို့က ထိန်းချုပ်စောင့်ကြည့်နေတာပေါ့။ ဘယ်လိုပြောမလဲဆိုတော့ ပြည်သူတွေက ဘယ်လိုမှ တရားမျှတ လွတ်လပ်ခြင်းနဲ့ မသွေဆိုတဲ့ သူတို့ နိုင်ငံတော်သီချင်းစာသားက ဖြုတ်ပစ်ရမလို ဖြစ်နေပြီ။ဘာတစ်ခုမှ မလွတ်လပ်ဘူး”လို့ ဆိုပါတယ်။
စစ်တပ်ရဲ့ အသွင်ပြောင်း စစ်ကော်မရှင်အနေနဲ့ သူတို့ကို ဆန့်ကျင်တယ်လို့ ယူဆရတဲ့ အွန်လိုင်းပေါ်က ပြောဆိုရေးသားချက်တွေကို စောင့်ကြည့်နေသလို တစ်ဘက်မှာလည်း ဒစ်ဂျစ်တယ်စနစ်ကို အုပ်ချုပ်ရေးယန္တရားမှာ ကဏ္ဍစုံ အသုံးပြုနိုင်အောင် အကောင်အထည်ဖော်နေတာပါ။
အာဆီယံနိုင်ငံတွေအကြား နယ်စပ်ဖြတ်ကျော်ကုန်သွယ်မှုတွေကို ဒစ်ဂျစ်တယ်စနစ်နဲ့ ချောမွေ့စွာလုပ်ဆောင်နိုင်ရေး အပါအဝင် Artificial Intelligence (AI) ကို အကျိုးရှိစွာ အသုံးချနိုင်ရေးနဲ့ AI ဆိုင်ရာ ဘေးကင်းလုံခြုံမှုကွန်ရက်တွေ ထူထောင်ဖို့ လိုတယ်လို့ စစ်ခေါင်းဆောင်က ပြောပါတယ်။
ဒါ့အပြင် နည်းပညာသစ် ဖွံ့ဖြိုးတိုးတက်မှုနဲ့အတူ လိုက်ပါလာတဲ့ လုံခြုံရေးကျိုးပေါက်နိုင်မှု ဆိုးကျိုးတွေနဲ့ပတ်သက်ပြီး ဆိုက်ဘာနယ်နိမိတ် အချုပ်အခြာအာဏာ (Cyberspace Sovereignty) ကို ထည့်သွင်းစဉ်းစားရမယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာလည်း နည်းပညာဆိုင်ရာစိန်ခေါ်မှုတွေကို ထိန်းကျောင်းကြီးကြပ်နိုင်ရေး လိုအပ်တဲ့ မူဝါဒ ဥပဒေ လုပ်ထုံးလုပ်နည်းတွေကို နည်းပညာဖွံ့ဖြိုးတိုးတက်မှုနဲ့အတူ ဟန်ချက်ညီညီ ရေးဆွဲပြဋ္ဌာန်းနိုင်ဖို့ အရေးကြီးတယ်လို့ စစ်ခေါင်းဆောင်က တိုက်တွန်းထားတာပါ။
အာဏာသိမ်း စစ်တပ်အနေနဲ့ နိုင်ငံ့အချုပ်အခြာအာဏာနဲ့ တည်ငြိမ်မှုကို ထိရောက်စေခြင်းကနေ ကာကွယ်ဖို့နဲ့ ဆိုက်ဘာမှုခင်းတွေကို ထိရောက်စွာ စုံစမ်းအရေးယူနိုင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ပြီးခဲ့တဲ့ နှစ်ဆန်းပိုင်းမှာ ဆိုက်ဘာလုံခြုံရေးဥပဒေကို အတည်ပြုပြဋ္ဌာန်းထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media

