မော်လမြိုင် ၊ မတ် ၃
အီရန်-အမေရိကန်-အစ္စရေး စစ်ပွဲကြောင့် ကမ္ဘာ့ရွှေဈေး မြင့်တက်လာပြီးနောက် ပြည်တွင်းရွှေဈေးလည်း ဆက်လက် မြင့်တက်လာမယ့် အလားအလာ ရှိနေတယ်လို့ ရွှေလုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၈ ရက်နေ့ကစလို့ အီရန်နိုင်ငံကို အစ္စရေးနဲ့အမေရိကန်နိုင်ငံတို့ ပူးပေါင်း တိုက်ခိုက်ပြီးနောက် ကမ္ဘာ့ ရွှေဈေးနှုန်း ပြန်လည်မြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။
ကမ္ဘာ့ရွှေဈေးနှုန်းဟာ အဲဒီစစ်ပွဲမစမီ ရွှေတစ်အောင်စကို အမေရိကန် ဒေါ်လာ ၅၁၀၀ ဝန်းကျင်သာ ရှိရာမှ မတ်လ ၂ ရက်နေ့မှာတော့ ဒေါ်လာ ၅၃၅၀ ဝန်းကျင်ထိ မြင့်တက်လာတာပါ။
ကမ္ဘာ့ရွှေဈေးကြောင့် ပြည်တွင်း မီးလင်းအခေါက်ရွှေကလည်း တစ်ကျပ်သားကို ကျပ် ၁၀၇ သိန်းကနေ ကျပ် သိန်း ၁၁၀ ကျော်အထိ ဈေးနှုန်းမြင့်တက်လာတာ ဖြစ်ပါတယ်။
ရွှေလုပ်ငန်းရှင် တစ်ဦးကတော့ ကမ္ဘာမှာ ဖြစ်နေတဲ့ စစ်ရေး အခင်းအကျင်းတွေကြောင့် မြန်မာအပါအဝင် တစ်ကမ္ဘာလုံး ရွှေဈေးနှုန်း မြင့်တက်လာနိုင်တယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“ကမ္ဘာမှာ ဖြစ်နေတဲ့ အခင်းအကျင်းက အစ္စရေးနဲ့ အီရန်နဲ့ ဖြစ်ကြတယ်ပေါ့နော်။ ဖြစ်ကျတော့ စစ်ရေးက ဆက်ပြီး တင်းမာမယ့် အနေအထားမှာ ရှိတယ်။ အဲဒီအခါကျတော့ ကမ္ဘာ့ ရွှေဈေးက တက်မယ်။ အဲဒီတက်တဲ့ဟာက မြန်မာနိုင်ငံနဲ့လည်း ဘာမှ မဆိုင်ဘူး။ တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ တက်မယ်”လို့ ဆိုပါတယ်။
ကမ္ဘာ့ ရွှေဈေးနှုန်းကြောင့် ပြည်တွင်း ရွှေဈေးနှုန်း ထပ်တက်ဖို့ အလားအလာ ရှိနေပြီး စစ်ကော်မရှင်အနေနဲ့ ကမ္ဘာ့ ရွှေဈေးနှုန်းကို ထိန်းချုပ်လို့ ရမှာ မဟုတ်ပေမယ့် ပြည်တွင်း ဒေါ်လာဈေးနှုန်းကို ကျအောင်ချနိုင်မှသာ ရွှေဈေးနှုန်း အများကြီး ထပ်မတက်အောင် ထိန်းထားနိုင်မှာ ဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။
ပြည်တွင်း ရွှေဈေးကွက်အတွင်းမှာတော့ ရွှေဈေးနှုန်း မတည်ငြိမ်တဲ့အတွက် ရွှေဆိုင်အများစု အခေါက်ရွှေတွေကို အရောင်း ပိတ်ထားပြီး ပြန်လည် ရောင်းချသူတွေဆီက အနည်းဆုံး ကျပ် ၃သိန်း ဝန်းကျင်မှ ၅ သိန်းဝန်းကျင်ထိ ဈေးခွာ ဝယ်ယူမှုတွေ ရှိနေတာပါ။
ရွှေဈေးနှုန်း ဆက်တိုက် မြင့်တက်လာတဲ့ အတွက် စစ်ကော်မရှင် လက်အောက်ခံတွေက စောင့်ကြည့်တာရှိတဲ့အပြင် ရွှေလုပ်ငန်းနဲ့ ပတ်သက်သူတွေ ကိုလည်း ခေါ်ယူ စစ်ဆေးမေးမြန်းတာတွေ ရှိတယ်လို့ ရွှေလုပ်ငန်းရှင်တွေက ဆိုပါတယ်။
ကမ္ဘာ့ ရွှေဈေးနှုန်း ဆက်တိုက် မြင့်တက်လာပေမယ့် စစ်ကော်မရှင်ဘက်က စံချိန်မီရွှေ တစ်ကျပ်သားကို ကျပ် ၆၉ သိန်းသာ သတ်မှတ်ထားပြီး ပြင်ပပေါက်ဈေးနဲ့ ကျပ်သိန်း ၄၀ ကျော် ကွာဟနေပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media

