ပုလော၊ မတ် ၃

တနင်္သာရီတိုင်း ပုလောမြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ တစ်လကျော်ကြာ တိုက်ပွဲအတွင်း စစ်ကော်မရှင်ရဲ့ တပ်စခန်းကုန်းနှစ်ခုကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF မြိတ်ခရိုင် အမှတ် ၁ တပ်ရင်းထံကနေ သိရပါတယ်။

တပ်အင်အား ၂၀၀ ဝန်းကျင်နဲ့ ပုလောမြို့နယ်အတွင်း စစ်ကြောင်းထိုး ဝင်ရောက်လာတဲ့ စစ်ကော် မရှင်တပ်ကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေက ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၆ ရက်နေ့ကစလို့ ခုခံတိုက်ခိုက်ခဲ့တာပါ။

တော်လှန်ရေး အင်အားစုတွေရဲ့ ပြောပြချက်အရ စစ်ကော်မရှင်တပ်ဟာ ရွေးကောက်ပွဲ မကျင်းပမီကတည်းက နယ်မြေရှင်းလင်းရေးအတွက် ပုလောမြို့နယ်ရှိ ကျေးရွာတွေကို စစ်ကြောင်းထိုးနေတာဖြစ်ပြီး အဲဒီအချိန်ကစလို့ နှစ်ဖက်ထိတွေ့ တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။

ဖေဖော်ဝါရီ ၂၈ ရက်နေ့မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်ကော်မရှင် တပ်စွဲထားတဲ့ တန်းရှင်းဘုန်းကြီးကျောင်းနဲ့ သင်္ကန်းတောကျေးရွာက စေတီကုန်းနဲ့ ဘုန်းကြီးကျောင်းတွေကို အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့တယ်လို့ မြိတ်ခရိုင်အမှတ် ၁ တပ်ရင်းရဲ့ တာဝန်ရှိသူတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

တစ်လကျော်အကြာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်ကော်မရှင်ဘက်က ၁၀ ဦး သေဆုံးခဲ့ပြီး ၅ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တဲ့အပြင် စစ်ကော်မရှင်တပ်ဖွဲ့တစ်ဦးအား အရှင်ဖမ်းဆီးရမိခဲ့သလို နောက်ထပ်တစ်ဦးမှာ လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မြိတ်ခရိုင်အမှတ် ၁ တပ်ရင်းက ရဲဘော် ၇ ဦးနဲ့ ကရင်အမျိုးသားကာကွယ်ရေးတပ်က ရဲဘော် ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တာ ဖြစ်ပါတယ်။

အဲဒီတိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်ရဲ့ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် အပြစ်မဲ့ပြည်သူနှစ်ဦး သေဆုံးခဲ့ပြင် စစ်ကော်မရှင်ရဲ့ ဒရုန်းနဲ့ မီးလောင်ဗုံးကြဲချမှုကြောင့် နေအိမ် ၆၀ ကျော် မီးလောင်ပျက်ဆီးခဲ့တယ်လို့ ဆိုထားပါတယ်။

လက်ရှိ မြေပြင်တိုက်ပွဲမှာ အရေးနိမ့်နေတဲ့ စစ်ကော်မရှင်တပ်ဟာ ပုလောမြို့နယ်က ကျေးရွာတွေကို နေ့စဉ် လေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွေ လုပ်ဆောင်နေတာကြောင့် ပြည်သူတွေအနေနဲ့ ဘေးကင်းလုံခြုံတဲ့ နေရာမှာ နေထိုင်ကြဖို့နဲ့ စစ်ရေးသတိရှိကြဖို့ မြိတ်ခရိုင်အမှတ် ၁ တပ်ရင်းက အသိပေးထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-PDF

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.