နေပြည်တော်၊ မတ် ၂
နိုင်ငံတဝန်းရှိ အကျဉ်းထောင်၊အချုပ်ထောင်နဲ့ အကျဉ်းစခန်းအသီးသီးမှာ ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသူအကျဉ်သား တစ်သောင်းကျော်ကို လွတ်ငြိမ်းသက်သာခွင့်ပြုလုပ်တယ်လို့ စစ်ကော်မရှင်က ဒီကနေ့ မနက်ပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။
မတ်လ ၂ ရက်နေ့မှာ ကျရောက်တဲ့ တောင်သူလယ်သမားနေ့ အထိမ်းအမှတ်အဖြစ် ပြည်သူလူထုနှလုံး စိတ်ဝမ်းအေးချမ်းစေရေးနဲ့ လူသားချင်းစာနာထောက်ထားမှုကို အလေးထားတဲ့အနေနဲ့ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုလိုက်တာလို့ ဆိုပါတယ်။
ပြစ်ဒဏ်လွတ်ငြိမ်းခွင့်မှာ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(ည)၊ ၅၂(က) တို့နဲ့ ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသူအကျဉ်းသား ၇၃၃၇ ဦးကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုလိုက်တာ ဖြစ်ပါတယ်။
ဒါ့အပြင် တခြားပုဒ်မတွေနဲ့ ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသူအကျဉ်းသား ၂၈၂၅ ဦးကိုလည်း လွတ်ငြိမ်းသက်သာခွင့် ပေးအပ်ခဲ့တာပါ။
လွတ်ငြိမ်းရသူတွေအနေနဲ့ နောက်တစ်ကြိမ် ပြစ်မှုကျူးလွန်ပါက အဲဒီပြစ်ဒဏ်အပြင် အခုကျန်ရှိတဲ့ ပြစ်ဒဏ်ကိုပါ ဆက်လက်ကျခံရမယ်ဆိုတဲ့ စည်းကမ်းချက်နဲ့ လွတ်ငြိမ်းခွင့်ပြုလိုက်တာပါ။
တဆက်တည်း အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(ည)၊ ၅၂(က) တို့နဲ့ တရားစွဲဆိုခံရသူ ၁၂၄၈၇ ဦးရဲ့ တရားရုံး ကြားနာစစ်ဆေးဆဲ အမှုပေါင်း ၉၅၃၂ မှုကို ပိတ်သိမ်းလိုက်ပြီး တရားခံတွေကို အမှုမှ လွှတ်ပေးလိုက်တယ်လို့ စစ်ကော်မရှင်ဘက်က ထုတ်ပြန်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – PPNM

