မော်လမြိုင်၊ မတ် ၂
မွန်ပြည်နယ် မော်လမြိုင်မြို့ ဈေးကြိုရပ်ကွက် အာဟာရမူကထဆိုင်အနီးက နေအိမ် တစ်လုံး မီးလောင်မှုမှာ အဘိုးအဘွား နှစ်ဦး သေဆုံးခဲ့တယ်လို့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေထံကနေ သိရပါတယ်။
အဲဒီမီးလောင်မှုဟာ ဒီကနေ့ မတ်လ ၂ ရက်နေ့ မနက် ၂ နာရီခွဲအချိန်ခန့်မှာ ဖြစ်ပွားခဲ့တာ ဖြစ်ပြီး မီးလောင်မှုကြောင့် အဘိုးတစ်ဦး၊ အဘွား တစ်ဦး သေဆုံးကာ အမျိုးသမီး တစ်ဦး ဒဏ်ရာရရှိခဲ့တာ ဖြစ်ပါတယ်။

မီးလောင်မှုကို မီးသတ်တပ်ဖွဲ့အပါအဝင် လူမှုကယ်ဆယ်ရေးအဖွဲ့တွေက ဝိုင်းဝန်းကူညီငြိမ်းသတ်ခဲ့ပြီး မနက် ၃ နာရီအချိန်ခန့်မှာ မီးငြိမ်းသတ်နိုင်ခဲ့တာပါ။
မီးလောင်မှု အကြောင်းအရင်းကို မီးသတ်တပ်ဖွဲ့က စုံစမ်းနေဆဲ ဖြစ်ပြီး သေဆုံးသွားတဲ့ အဘိုးအဘွား နှစ်ဦးရဲ့ ရုပ်အလောင်းတွေကိုတော့ မော်လမြိင်ပြည်သူ့ဆေးရုံ ရင်ခွဲရုံထံ ပို့ဆောင်ထားပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၈ ရက်နေ့ကလည်း မွန်ပြည်နယ် မုဒုံမြို့နယ် ကတုံးပေါ်ကျေးရွာမှာ ဖြစ်ပွားခဲ့တဲ့ မီးလောင်မှုအတွင်း နေအိမ် ၆၀ နီးပါး မီးလောင်ပျက်စီးခဲ့ပါတယ်။
မီးသတ်တပ်ဖွဲ့ကတော့ နွေရာသီ ကျရောက်လာပြီးဖြစ်တာကြောင့် ပြည်သူတွေအနေနဲ့ မီးသတိရှိကြဖို့ သတိပေး တိုက်တွန်းထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – Bo Bo Win

