မော်လမြိုင် ၊ မတ် ၁

အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု SRA တို့ အွန်လိုင်းကနေ တွေ့ဆုံပြီး စစ်ရေးနဲ့ နိုင်ငံရေးကိစ္စတွေ ဆွေးနွေးခဲ့မှုအပေါ် တော်လှန်ရေးအတွက် ကောင်းမွန်တဲ့ အရွေ့လို့ အကဲခတ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဖေဖော်ဝါရီ ၂၇ ရက်နေ့မှာ NUG က ကာကွယ်ရေးနဲ့ နိုင်ငံခြားရေးအပါအဝင် ဌာနဆိုင်ရာ ဝန်ကြီးတွေနဲ့ နွေဦးတပ်ပေါင်းစု SRA က ခေါင်းဆောင်တွေ Zoom Platform ကနေတဆင့် တွေ့ဆုံခဲ့ကြတယ်လို့ နှစ်ဘက်အဖွဲ့က အဲဒီနေ့ ညပိုင်းမှာ အသိပေးထုတ်ပြန်ထားတာပါ။

ဒါဟာ ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းမှာ လက်နက်ကိုင်တပ်ဖွဲ့ ၁၉ ဖွဲ့ကနေ နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု SRA အဖြစ် စတင်ဖွဲ့စည်းကြောင်း ကြေညာခဲ့ပြီးနောက်ပိုင်း NUG နဲ့ ပထမကြိမ် တရားဝင် တွေ့ဆုံမှုလို့ နားလည်ရပါတယ်။

နွေဦးတပ်ပေါင်းစု SRA ပြောရေးဆိုခွင့်ရှိသူ ကိုမင်းဟန်ထက်က နှစ်ဘက်ဆွေးနွေးမှုဟာ ကောင်းတဲ့ ရလဒ်တွေ ရှိခဲ့ပြီး မြေပြင်မှာ လုပ်ဆောင်ရမယ့် အဆင့်တွေကို အသေးစိတ် ဆွေးနွေးရဦးမယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ခြုံပြောရရင်တော့ အဆင်ပြေတယ်လို့ ကျွန်တော်တို့ ပြောလို့ရတယ်။ ကောင်းတဲ့ ရလဒ်တွေ ရှိခဲ့တယ်လို့ ကျွန်တော်တို့ ပြောလို့ရတယ်။ သို့သော် ကျွန်တော်တို့ ဆွေးနွေးခဲ့တာက အကြမ်းထည်အဆင့် အခြေခံအဆင့်ပဲ ရှိသေးတယ်။ အဲဒီအတွက်ကြောင့် မြေပြင်မှာ တကယ်ဆောင်ရွက်ရမယ့် ကိစ္စမျိုးတွေ Tactical Level အဆင့်တွေကတော့ ကျွန်တော်တို့ နောက်ထပ် အကြိမ်ပေါင်းများစွာ အသေးစိတ်ဆွေးနွေးရမှာတွေ တွေ့ဆုံဆွေးနွေးရမှာမျိုးတွေတော့ ရှိပါဦးမယ်”လို့ ဆိုပါတယ်။

SRA အဖွဲ့ဝင် ဗမာပြည်သူ့လွတ်မြောက်‌ရေးတပ်တော် BPLA ရဲ့ ကွပ်ကဲရေးမှူး မောင်ဆောင်းခကလည်း NUG နဲ့ SRA ကိစ္စအပြင် SRA ထဲ မပါဝင်သေးတဲ့ တပ်ဖွဲ့တွေရဲ့ အရေးကိစ္စကိုပါ သေချာဆွေးနွေးခဲ့တယ်လို့ သူ့ရဲ့ Facebook အကောင့်ကနေ အသိပေးပါတယ်။

NUG လက်အောက်ခံ မဟုတ်တဲ့ တပ်တွေအပေါ် NUG ရဲ့ သဘောထားကို မေးမြန်းအတည်ပြုနိုင်ခဲ့ပြီး နှစ်ဘက်ကြား ကျေလည်တဲ့ ညီညွတ်ရေးကို အတူတကွ တည်ဆောက်နိုင်ကြဖို့နဲ့ မိတ်ဘက်ပဋိပက္ခတွေကို ညှိနှိုင်းဆွေးနွေးတဲ့ နည်းနဲ့သာ ဖြေရှင်းနိုင်ကြဖို့ သဘောတူညီခဲ့ကြတယ်လို့ ဆိုပါတယ်။

ထုတ်ပြန်ချက်အရ အစည်းအဝေးမှာ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ ကာကွယ်ရေးဝန်ကြီးဌာန MOD ရဲ့ ဒေသအခြေပြုကာကွယ်ရေးတပ်ဖွဲ့များဆိုင်ရာ မူဝါဒကို ရှင်းလင်းဆွေးနွေးခဲ့တယ်လို့ အသိပေးထားတာပါ။

ဒါ့အပြင် မူဝါဒအပေါ် အပြန်အလှန် ဆွေးနွေးပြီး စစ်ဆင်ရေး၊ ထောက်လှမ်းရေးဆိုင်ရာကိစ္စရပ်တွေ၊ နိုင်ငံရေးဦးဆောင်မှုဆိုင်ရာတွေကို ဆွေးနွေးခဲ့ကြပြီး MOD နဲ့ ဆက်လက် တွေ့ဆုံဆွေးနွေးရေး ရှေ့လုပ်ငန်းစဉ်တွေ ချမှတ်ခဲ့တယ်လို့ ဆိုပါတယ်။

CDM ဗိုလ်ကြီး ဇင်ယော်က နိုင်ငံရေးရော စစ်ရေးမှာပါ စုဖွဲ့မှု ကောင်းတဲ့ NUG နဲ့ လူငယ်တွေရဲ့ တိုက်ပွဲဝင် အတွေ့အကြုံရှိထားတဲ့ SRA တပ်တို့ ဗျူဟာကျတဲ့ တိုက်စစ်တွေနဲ့ ပူးပေါင်းစစ်ဆင်ရေးမျိုး လုပ်လာနိုင်တယ်လို့ သုံးသပ်ပါတယ်။

“Join Opperations ပူးပေါင်းစစ်ဆင်ရေးပုံစံမျိုးတွေ လုပ်လာနိုင်တဲ့ အနေအထားမျိုး ရှိတယ်။ (NUG ရဲ့ ) COC အောက်ကို မဝင်ပေမယ့် ဘေးတိုက်ပေါင်းစည်းမှုအနေအထားကို သွားတွေ့ရတယ်။ အဲဒီတော့ ဒေသတွင်း နယ်မြေသိမ်းတိုက်ပွဲတွေ ကြားဖြတ်တိုက်ခိုက်မှုတွေ လုပ်နေပေမယ့် အခုလိုမျိုး တစ်ဘက်မှာ စုစည်းပြီးသားအဖွဲ့နဲ့ ဒီဘက်မှာ အတွေ့အကြုံရှိပြီးသား အဖွဲ့တွေနဲ့ ပူးပေါင်းဆွေးနွေးတဲ့ကိစ္စက ၁၀၂၇ စစ်ဆင်ရေးအပြီးမှာ ရပ်တန့်သွားခဲ့တဲ့ မဟာဗျူဟာ နည်းဗျူဟာကျတဲ့ တိုက်စစ်တွေ ပြန်မြင်လာရမယ့် အနေအထားမျိုးလို့တော့ ကျွန်တော်ကတော့ မြင်ပါတယ်ဗျ”လို့ ဆိုပါတယ်။

SRA ဟာ စစ်အာဏာရှင်စနစ်အမြစ်ပြတ်ရေးအတွက် တပ်ပေါင်းစုဖွဲ့ဖို့ အများက တိုက်တွန်းနေချိန်မှာ အာဏာသိမ်းမှုကနေ နိုင်ငံအနှံ့ ပေါက်ဖွားလာတဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ စုဖွဲ့ထားတဲ့ ပထမဆုံးသော တပ်ပေါင်းစု ဖြစ်ပါတယ်။

အဲဒီထဲမှာ တိုင်းရင်းသားလူမျိုးစုအမည်ခံ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ KNDF ၊ ချင်းညီနောင် CB၊ ဓနုပြည်သူ့ လွတ်မြောက်ရေးတပ်တော် DPLF ၊ မွန်ပြည်တော်လှန်ရေးတပ် MSRF နဲ့ ပအိုဝ်းပြည်သူ့ကာကွယ်ရေးတပ် (ခမ်းဒေါမ်) တို့ ပါဝင်နေကြတာပါ။

ဗမာလူမျိုးစုအမည်ခံ တော်လှန်ရေးတပ်ဖွဲ့တွေထဲက ဗမာပြည့်သူ့လွတ်မြောက်ရေးတပ်တော် BPLA ၊ ဗမာ့တပ်တော် BA နဲ့ ဗမာလွတ်မြောက်ရေး ဒီမိုကရက်တစ်တပ်ဦး BLDF တို့လည်း ပါဝင်ပါတယ်။

ဒါ့အပြင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေထဲက KIA ၊ AA ၊ TNLA တို့နဲ့ နီးကပ်တဲ့ ဆက်ဆံရေးရှိတဲ့ ပြည်သူ့လွတ်မြောက်ရေးတပ်တော် PIA ၊ Generation Z Army GZA နဲ့ အမျိုးသားလတ်မြောက်ရေးတပ်တော် NLA တို့လည်း ပါဝင်ပါတယ်။

အညာဒေသထဲက Magway PDF၊ Sagging PDF ၊ ကလေးဒေသ တော်လှန်ရေးတပ် KRF ၊ ယောတပ်တော် YA ၊ ယောကာကွယ်ရေးတပ် YDF ၊ 96 Soldiers PDF ၊ Force for Federal Democracy FFD နဲ့ ကျောင်းသားလက်ရုံးတပ်တော် SAF လည်း နွေဦးတပ်ပေါင်းစုမှာ ပါဝင်နေတာပါ။

ဒီအဖွဲ့တွေဟာ မတူညီတဲ့ နေရာဒေသအနှံ့အပြားမှာ လှုပ်ရှားနေကြတာဖြစ်လို့ SRA အနေနဲ့ ချိတ်ဆက်ဆောင်ရွက်မှုအပိုင်းမှာ ပိုအားကောင်းလာနိုင်တယ်လို့ အဖွဲ့ဝင်တွေနဲ့ စစ်ရေးအကဲခတ်တွေက အားသာချက်ကို ထောက်ပြကြပါတယ်။

လေကြောင်းရန်ကာကွယ်ရေးတပ်ကနေ CDM ပြုလုပ်ထားတဲ့ တပ်ကြပ်ကြီး ဇေယျကလည်း နေရာအနှံ့က တပ်ဖွဲ့တွေနဲ့ ပေါင်းစည်းထားတဲ့ SRA နဲ့ NUG တို့ ဆွေးနွေးတာဟာ ညီညွတ်ရေးလမ်းစဉ်ကို သွားတာမို့ အထွေထွေထိုးစစ်အတွက် ပထမဆုံး ခြေလှမ်းလို့ သုံးသပ်ပါတယ်။

“အထွေထွေထိုးစစ်လုပ်ဖို့ ဒါက ပထမဆုံး ခြေလှမ်းတော့ အောင်မြင်သွားပြီ။ ပြန်ပြီးတော့ တည်ဆောက်ပြီး သေချာလုပ်မယ်ဆိုရင် ဒီနှစ် (အထွေထွေထိုးစစ်) မထိုးနိုင်ရင်တောင် နောက်နှစ်တော့ ကောင်းကောင်း သေချာ တိုက်နိုင်မယ့် အနေအထား ရှိတယ်။ ဒါပေမယ့် ဒီလိုမျိုး အထွေထွေထိုးစစ် မထိုးနိုင်ရင်တောင်မှ အခုလိုမျိုး မဟာမိတ် ကောင်းကောင်း လုပ်လာနိုင်တဲ့အတွက် ချိတ်ဆက်ပြီးတော့ သေချာ တန်ပြန်လို့ ရတာပေ့ါ။ကျန်တဲ့ စစ်တပ်ကို ပြန်ပြီးတော့ တချို့ ဒေသတွေမှာ သေချာလေး ဆင်နွှဲလို့ ရတယ်၊ သေချာလေး ပြန်တိုက်လို့ရတဲ့ အနေအထားတစ်ခုတော့ ရှိတယ်”လို့ ဆိုပါတယ်။

SRA အနေနဲ့ အဖွဲ့ဝင်ကိုယ်စားလှယ်တွေ အချိုးကျပါဝင်တဲ့ ကော်မတီတစ်ရပ်ကို ဖွဲ့စည်းထားပြီး အဲဒီကနေ လုပ်ငန်းစဉ်တွေ စစ်ဆင်ရေးတွေကို ဦးစီးကွပ်ကဲသွားမှာဖြစ်လို့ မဟာဗျူဟာကျကျ အကောင်အထည်ပေါ်လာမယ်လို့ ထုတ်ပြောထားတာပါ။

NUG ကလည်း တော်လှန်ရေးအင်အားစုတွေ အားလုံး စုပေါင်းပြီး ဦးဆောင်နိုင်မယ့် အခင်းအကျင်းတစ်ခု ပေါ်ပေါက်ဖို့ ဆွေးနွေးနေတာ ရှိတယ်လို့ ဝန်ကြီးချုပ်ရုံးပြောခွင့်ရ ဦးနေဘုန်းလတ်က PVTV ကနေ ဖေဖော်ဝါရီ ၁၀ ရက်နေ့မှာ ဖြေကြားခဲ့ပါတယ်။

တော်လှန်ရေး အောင်မြင်အောင် ဘယ်လိုဆင်နွှဲမလဲဆိုတာနဲ့ ပတ်သက်ပြီး NUG ၊ KNU ၊ KNPP ၊ CNF နဲ့ KIO တို့အကြား အွန်လိုင်းကနေ ဆွေးနွေးခဲ့တယ်လို့ ဖေဖော်ဝါရီ ပထမပတ်အတွင်း KIO ဒုဥက္ကဋ္ဌ ၁ ဒုတိယ ဗိုလ်ချုပ်ကြီး ဂွန်မော်က စတင်အသိပေးခဲ့တာပါ။

ဒါဟာ နွေဦးတော်လှန်ရေးရဲ့ တပ်ဦးဖြစ်တဲ့ NUG နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း K3C တို့ရဲ့ စစ်အာဏာရှင်စနစ်အမြစ်ပြတ်ရေးအတွက် တော်လှန်ရေး အရွေ့တစ်ခုကို အရောက်လှမ်းနိုင်မယ့် အနေအထားဖြစ်ပါတယ်။

တစ်ဘက်မှာတော့ အာဏာသိမ်းစစ်တပ်ဟာ နိုင်ငံရေးတရားဝင်မှုရဖို့ ကြိုးပမ်းတဲ့အနေနဲ့ ရွေးကောက်ပွဲတစ်ရပ် ကျင်းပပြီးစီးခဲ့ပြီး လာမယ့် မတ်တတိယပတ်မှာတော့ တတိယကြိမ် သက်ဆိုင်ရာ လွှတ်တော်အစည်းအဝေးတွေ ခေါ်ယူဖို့ ပြင်ဆင်နေတာပါ။

အဲဒီကနေ ဧပြီလဆန်းမှာ သမ္မတ ရွေးချယ်တင်မြှောက်ပြီး အစိုးရတစ်ရပ် ဖွဲ့စည်းကာ နိုင်ငံ့တာဝန်တွေကို လွှဲပြောင်းပေးအပ်သွားမယ်လို့ စစ်ကော်မရှင်က ထုတ်ပြောထားတဲ့အတွက် တော်လှန်ရေးအင်အားစုတွေအနေနဲ့ အခင်းအကျင်းသစ်ကို ရင်ဆိုင်ရတော့မှာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-SRA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.