သရက်ချောင်း၊ မတ် ၁
တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ် စုံစင်ဖျားကျေးရွာအနီး ရော်ဘာခြံထဲမှာ စစ်ကော်မရှင်တပ် စစ်ကြောင်းက အရပ်သား ခုနှစ်ဦးကို အစုံလိုက်အပြုံလိုက် သတ်ဖြတ်သွားတယ်လို့ တော်လှန်ရေးအင်အား စုတွေထံကနေ သိရပါတယ်။
သတ်ဖြတ်ခံထားရတဲ့ အရပ်သားပြည်သူတွေရဲ့ ရုပ်အလောင်းကို စစ်ကြောင်းပြန်ထွက်သွားပြီးနောက် ဖေဖော်ဝါရီ ၂၇ ရက်နေ့ ည ၃ နာရီအချိန်လောက်မှာ တော်လှန်ရေးတပ်ဖွဲ့တွေ နယ်မြေရှင်းလင်းစဉ် တွေ့ရှိခဲ့တာပါ။
အသတ်ခံရသူတွေဟာ အသက် ၃၀ အရွယ်ကနေ ၅၀ ကြားအရွယ်ရှိတဲ့ စစ်ရှောင် အမျိုးသား နှစ်ဦးနဲ့ အမျိုးသမီး ငါးဦးတို့ ဖြစ်ပါတယ်။
သံလွင်တိုင်းမ်က ရရှိထားတဲ့ မှတ်တမ်းဓာတ်ပုံတွေအရ အဲဒီအရပ်သား ခုနှစ်ဦးလုံးကို စစ်ကော်မရှင်တပ် စစ်ကြောင်းက နားထင်ကို သေနတ်နဲ့အနီးကပ် ပစ်ခတ်သတ်ဖြတ်သွားတဲ့ အနေအထားမျိုး တွေ့ရပါတယ်။
တော်လှန်ရေးတပ်ဖွဲ့ တာဝန်ရှိသူတွေကတော့ ဒီအရပ်သား ခုနှစ်ဦးဟာ စစ်ကြောင်းနဲ့တိုးပြီးနောက် အသတ်ခံရတာ ဖြစ်တယ်လို့ ပြောပါတယ်။
အစုံလိုက်အပြုံလိုက် သတ်ဖြတ်ခံရသူတွေဟာ ဘယ်သူဘယ်ဝါ ဖြစ်တယ်ဆိုတဲ့ အချက်အလက်ကို ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပြီး အသေးစိတ် ထုတ်ပြန်ပေးမယ်လို့ ဆိုပါတယ်။
သရက်ချောင်းမြို့နယ်မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၀ ရက်နေ့ကစလို့ စစ်ကော်မရှင်တပ် အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးနေတာကြောင့် နှစ်ဖက်တိုက်ပွဲတွေ ဖြစ်ပွားနေပြီး စစ်တပ်ဘက်က လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်နေတာပါ။
နှစ်ဖက်တိုက်ပွဲနဲ့အတူ လေကြောင်းဗုံးကြဲမှုကြောင့် သရက်ချောင်းမြို့နယ်ရှိ ကျေးရွာပေါင်း ၂၀ ကျော်က ဒေသခံပြည်သူ တစ်သောင်းကျော် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရပြီး လက်ရှိအချိန်ထိ နေရပ်မပြန်နိုင်သေးပါဘူး။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ

