နေပြည်တော် ၊ မတ် ၃
စစ်ကော်မရှင်ရဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီက လာမယ့် အစိုးရသစ်လက်ထက်မှာ သတင်းမီဒီယာနဲ့ပတ်သက်ပြီး သတင်းထုတ်ပြန်ရေးနဲ့ တန်ပြန်ဖြန့်ချီရေးအတွက် စစ်တပ်က အရာရှိတွေ ဦးဆောင်တဲ့ အဖွဲ့တစ်ရပ် ဖွဲ့စည်းလာပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၇ ရက်နေ့ထုတ် မြန်မာနိုင်ငံပြန်တမ်းအရ “သတင်းလွှာ (Information Sheet) ထုတ်ပြန်ရေးနဲ့ တန်ပြန်သတင်းဖြန့်ချိရေးအဖွဲ့” ကို ဇန်နဝါရီ ၃၁ ရက်နေ့မှာ ဖွဲ့စည်းလိုက်တယ်လို့ ကာလုံရဲ့ အမှုဆောင်ချုပ် ဦးအောင်လင်းဒွေးက အမိန့်အရ ထုတ်ပြန်ခဲ့တာပါ။
အဲဒီအဖွဲ့ကို ကာကွယ်ရေး ဒုဝန်ကြီး ဗိုလ်ချုပ် အောင်မျိုးသန့်က အဖွဲ့ခေါင်းဆောင်အဖြစ် တာဝန်ယူပြီး စစ်ဘက်နဲ့ အရပ်ဘက်က ဌာနဆိုင်ရာ အရာရှိ ၅ ဦးစီ အပါအဝင် ရဲတပ်ဖွဲ့က အရာရှိ နှစ်ဦးတို့နဲ့အတူ စုစုပေါင်း အဖွဲ့ဝင် ၁၂ ဦးနဲ့ ဖွဲ့စည်းထားတာပါ။
သတင်းလွှာ ထုတ်ပြန်ရေးနဲ့ တန်ပြန်သတင်းဖြန့်ချိရေးအဖွဲ့ရဲ့ လုပ်ငန်းတာဝန်အဖြစ် အစိုးရကို လက်နက်ကိုင်လမ်းစဉ်နဲ့ ဆန့်ကျင်တိုက်ခိုက်နေတဲ့ သောင်းကျန်းသူအဖွဲ့အစည်းတွေကို သတင်းအချက်အလက် စစ်ဆင်ရေးပြုလုပ်သွားဖို့ ဖြစ်ပါတယ်။
ဒါ့အပြင် ဆန့်ကျင်ဘက် အဖွဲ့အစည်းတွေနဲ့ မီဒီယာတွေရဲ့ သတင်းတွေကို အချိန်နဲ့ တပြေးညီ တုံ့ပြန်ချေဖျက်သွားဖို့ အပါအဝင် အစိုးရနဲ့ စစ်တပ်ရဲ့ လုပ်ဆောင်ချက် သတင်းတွေကို နိုင်ငံတကာနဲ့ ပြည်သူတွေထံ ကျယ်ကျယ်ပြန့်ပြန့် ရောက်ရှိစေရေး လူမှုကွန်ရက်တွေကနေ နည်းမျိုးစုံ ဖြန့်ချိသွားဖို့ပါ။
တစ်ဘက်မှာ နိုင်ငံပိုင်သတင်းစာတွေမှာ ပါရှိတဲ့ သတင်းတွေထဲက မူဝါဒပိုင်းဆိုင်ရာ အရေးကြီးသတင်းတွေကို လိုရင်းတိုရှင်း တိကျလုံခြုံတဲ့ ပုံစံနဲ့ မြန်မာ ၊ အင်္ဂလိပ်၊ ရုရှားနဲ့ တရုတ် စတဲ့ ဘာသာစကား လေးမျိုးနဲ့ သတင်းလွှာ စာစောင်ထုတ်ပြန်ပြီး ပြည်တွင်း၊ ပြည်ပရှိ သံရုံးနဲ့ စစ်သံရုံးတွေဆီ ထုတ်ပြန်ဖို့ ဖြစ်ပါတယ်။
စစ်တပ်အရာရှိ၊ စစ်သည် မိသားစုဝင်တွေနဲ့ ဝန်ကြီးဌာနအသီးသီးရှိ နိုင်ငံ့ဝန်ထမ်းတွေ ယုံကြည်ချက် ခံယူချက် ခိုင်မာလာစေရေးအတွက် စိတ်ဓာတ်မြှင့်တင်ရေးသတင်းတွေ ရေးသားထုတ်ပြန်ဖို့နဲ့ အစိုးရရဲ့ တိုင်းကျိုးပြည်ပြု လုပ်ဆောင်မှုတွေကိုလည်း သတင်းအချက်အလက်စုဆောင်းပြီး ရေးသားပြုစုဖို့ တာဝန်ပေးထားတာပါ။
လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ အတွင်းရေးမှူး ဦးတိုးဇော်လတ်က အစိုးရသစ်လက်ထက်မှာ သတင်းမီဒီယာကဏ္ဍဟာ ဦးစားပေး လုံခြုံရေးအဆင့်အဖြစ် စစ်တပ်က ကြီးကြပ်ကိုင်တွယ်ဖို့ အခုလို ဖွဲ့တာလို့ သုံးသပ်ပါတယ်။
“အသစ်ဖွဲ့မယ့် အစိုးရအဖွဲ့မှာ သတင်းနဲ့ မီဒီယာကဏ္ဍဟာ ဦးစားပေး လုံခြုံရေးအဆင့်လို့ သတ်မှတ်ခိုင်းတယ်လို့ ထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အခုအသစ်ဖွဲ့တဲ့ သတင်းလွှာရဲ့ အဖွဲ့ခေါင်းဆောင်က ကာကွယ်ရေး ဒုဝန်ကြီး ဖြစ်နေလို့။ ဆိုလိုတာက ပြန်ကြားရေးက မဟုတ်ဘဲ စစ်တပ်က ကိုင် တွယ်တယ်။အဲဒီတော့ ကျွန်တော်တို့ ထင်တာ သတင်းမီဒီယာကို ပထမဆုံးကတော့ လုံခြုံရေးအမြင်နဲ့ စကိုင်တွယ်မယ်။ နောက်တစ်ခါ ပိုပြီးတော့ ကြီးကြပ်မယ်။ နောက်တစ်ခါ နိုင်ငံတကာအဖွဲ့တွေဆိုတာလည်း ဘာသာလေးမျိုးပေါ့ဗျာ။ ဗမာနဲ့ အင်္ဂလိပ်က လုပ်နေကျမို့ ထူးခြားတာတော့ အခု တရုတ်နဲ့ ရုရှားတို့ ထပ်ပါလာမယ်ပေါ့။ ဆိုလိုတာက အစိုးရအဖွဲ့ ဘယ်လိုပဲ ဆက်သွားဆက်သွား သူတို့ရဲ့ သတင်းစီးဆင်းမှု သတင်းပြန်ကြားမှုက စစ်တပ်ကပဲ ဆက်ပြီးတော့ ကိုင်တွယ်မယ်လို့ မြင်ပါတယ်”လို့ ဆိုပါတယ်။
သတင်းနဲ့ ပတ်သက်တဲ့ ကိစ္စရပ်တွေကို ထိထိရောက်ရောက် တုံ့ပြန်ကိုင်တွယ်မှာဖြစ်လို့ နောက်ဆက်တွဲ အကျိုးဆက်အနေနဲ့ သတင်းမီဒီယာလွတ်လပ်ခွင့်တွေအပါအဝင် သတင်းနဲ့ပတ်သက်တာတွေကို အရင်ကထက် ပိုပြီး ချေမှုန်းတော့မယ့် သဘောလို့ သူက ဆက်ပြောပါတယ်။
ဒီအတွက်ကြောင့် စစ်တပ်ပြောတဲ့ အမှန်တရားကိုပဲ ပေါ်လွင်အောင် လုပ်လာမှာမို့ မြန်မာနိုင်ငံရဲ့ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ဟာ အကောင်းမြင်လာစရာ တစ်ခုမှ မရှိဘူးလို့ ဦးတိုးဇော်လတ်က ထောက်ပြပါတယ်။
လက်ရှိမှာလည်း စစ်တပ်နဲ့ စစ်ကော်မရှင်တို့ကို ဆန့်ကျင်တယ်လို့ ယူဆတဲ့ အွန်လိုင်းပလက်ဖောင်းအစုံက သတင်းဌာနတွေတင်တဲ့ ပိုစ့်တွေအောက်မှာ စစ်တပ်ထောက်ခံသူတွေ တပ်လော်ဘီတွေက ဇာတ်ကြောင်းအမှားတွေနဲ့ ဝါဒဖြန့် မှတ်ချက်ပြုတာတွေလည်း ရှိနေတာပါ။
သတင်းထုတ်ပြန်ရေးနဲ့ တန်ပြန်ဖြန့်ချိရေးအတွက် အဖွဲ့ဝင်တွေအဖြစ် စစ်ဥပဒေချုပ်ရုံးက တွဲဘက်စစ်ဥပဒေချုပ်၊ ကာလုံရုံးက သတင်းနဲ့ လုံခြုံရေးဆိုင်ရာဌာနကြီး၊ ပြန်ကြားရေးနဲ့ ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မီဒီယာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့က ညွှန်မှူးချုပ် သုံးဦးလည်း ပါဝင်ပါတယ်။
ဒါ့အပြင် ပြည်သူ့ဆက်ဆံရေးနဲ့ စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံးက ဒုညွှန်မှူး၊ စစ်ဘက်ရေးရာ လုံခြုံရေးဌာနက ဒုဌာနကြီးမှူး ၊ ပြည်ထဲရေးရှိ နည်းပညာဌာနမှူး၊ မှုခင်းရဲတပ်ဖွဲ့က ရဲမှူးကြီးနဲ့ သတင်းအချက်အလက်နည်းပညာနဲ့ ဆိုက်ဘာလုံခြုံရေးဦးစီးဌာနက ညွှန်မှူးတို့ကိုလည်း အဖွဲ့ဝင်အဖြစ် ထည့်သွင်းထားတာပါ။
အတွင်းရေးမှူးကိုတော့ ဒုတိယတပ်မတော်လေ့ကျင့်ရေးအရာရှိချုပ်နဲ့ တွဲဖက်အတွင်းရေးမှူးအဖြစ် မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဒုရဲချုပ် (၁) တို့ ပါဝင်တယ်လို့ မြန်မာနိုင်ငံပြန်တမ်းမှာ ဖော်ပြထားတဲ့ အမိန့်ကြော်ငြာစာအမှတ် (၃၀/၂၀၂၆) မှာ တွေ့ရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဩဂုတ်မှာလည်း အင်တာနက်ပေါ်က သတင်းတွေကို တန်ပြန်ဖို့နဲ့ နိုင်ငံရေးအရ တိုက်ခိုက်ပြောဆိုတာတွေကို တားမြစ်အရေးယူနိုင်ဖို့ ကာလုံက အင်တာနက်အသုံးပြုမှု ၂၄ နာရီစောင့်ကြည့်ဖို့ ကော်မတီတစ်ရပ် ဖွဲ့စည်းထားတာပါ။
ဒီအတွက် ပြည်ထဲရေးနဲ့ စစ်တပ်၊ရဲ ထောက်လှမ်းရေးအဖွဲ့တွေ အပါအဝင် ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေး၊ ဗဟိုဘဏ်နဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေ ညှိနှိုင်းလုပ်ဆောင်သွားဖို့ လုပ်ငန်းတာဝန်အဖြစ် ထည့်သွင်းထားတာ ဖြစ်ပါတယ်။
စစ်တပ်အနေနဲ့ အာဏာသိမ်းမှုအတွင်း ဆိုရှယ်မီဒီယာ ပလက်ဖောင်းတွေပေါ်က ဆန့်ကျင်ဝေဖန်ရေးသားပြောဆိုမှုတွေကို ဒစ်ဂျစ်တယ်ဖိနှိပ်မှု ယန္တရားတွေနဲ့ ဖမ်းဆီးထောင်ချတာတွေ တောက်လျှောက်လုပ်ဆောင်လာနေတာပါ။
မြန်မာအင်တာနက်ပရောဂျက်ရဲ့ အစီရင်ခံစာအရ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာကနေ အခုနှစ် ဇန်နဝါရီအတွင်း စစ်ကော်မရှင်က အတုအယောင်ရွေးကောက်ပွဲအတွက် ပြင်ဆင်မှုနဲ့အတူ အွန်လိုင်းပေါ်က ပြောဆိုရေးသားမှုတွေကို ၂၄ နာရီပတ်လုံး စောင့်ကြည့်ဖမ်းဆီးပြီး အရေးယူခဲ့ပါတယ်။
ဒီအတွက် သုံးလအတွင်းမှာတင် အွန်လိုင်းကနေ ပြောဆိုရေးသားမှုတွေကြောင့် လူ ၅၀ နီးပါး ဖမ်းဆီးခံခဲ့ရပြီး အဲဒီထဲက ရွေးကောက်ပွဲကာကွယ်ရေးဥပဒေနဲ့ ဖမ်းဆီးခံရသူ ၂၉ ဦးအထိ ပါဝင်တယ်လို့ အစီရင်ခံစာပါ အချက်အလက်တွေက ဖော်ပြထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-MOI

