ဝါရှင်တန်၊ ဖေဖော်ဝါရီ ၂၁

နျူကလီးယား စီမံကိန်း တားဆီးရေး သဘောတူညီမှု တစ်ရပ် ရယူစေဖို့ အီရန် ခေါင်းဆောင်တွေအပေါ် ဖိအားပေးရေး အီရန်ကို အကန့်အသတ်နဲ့ တိုက်ခိုက်ဖို့ စဉ်းစားနေကြောင်း အမေရိကန်သမ္မတ ဒေါ်နယ် ထရန့်က ပြောလိုက်ပါတယ်။

အီရန်ကို တိုက်ခိုက်နိုင်ခြေရှိကြောင်း အရာရှိတွေက ပြောကြားခဲ့ပြီးနောက် နာရီပိုင်းအကြာမှာ သတင်းထောက်တစ်ယောက်ရဲ့ မေးမြန်းချက်ကို သမ္မတထရန့်က အခုလိုမျိုး တုံ့ပြန်လာတာပါ။

အီရန်အနေနဲ့ လာမယ့် ၁၀ ရက်အတွင်း သဘောတူညီမှု တစ်ရပ် မရယူဘူးဆိုရင် ဆိုးရွားတဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်ရလိမ့်မယ်လို့ ထရန့်က ဖေဖော်ဝါရီ ၁၉ ရက်မှာ ပြောပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်အတွင်း အမေရိကန်က အီရန်အနီးမှာ စစ်အင်အား တိုးမြှင့်ချထားပြီး အမေရိကန်ရဲ့ ကမ္ဘာ့အကြီးဆုံး လေယာဉ်တင်သင်္ဘော ယူအက်စ်အက်စ် ဂါရက် အာရ်ဖို့ဒ်လည်း အရှေ့အလယ်ပိုင်း ရေပြင်သို့ ဝင်ရောက်လာပြီ ဖြစ်ပါတယ်။

အီရန်ဟာ နျူကလီးယား လက်နက် ထုတ်လုပ်ဖို့ ကြံစည်နေတယ်လို့ အမေရိကန်နဲ့ သူ့ရဲ့ ဥရောပ မဟာမိတ်တွေက သံသယရှိနေပြီး အီရန်က အမြဲတမ်း ငြင်းဆိုထားပါတယ်။

အဲဒီ ကိစ္စနဲ့ ပတ်သက်လို့ အမေရိကန်နဲ့ အီရန် အရာရှိတွေ ဆွစ်ဇာလန်နိုင်ငံမှာ တွေ့ဆုံခဲ့ပြီး ဆွေးနွေးမှု အခြေအနေ တိုးတက်မှု ရှိတယ်လို့ကြားသိရပါတယ်။

ဖေဖော်ဝါရီ ၂၀ ရက်က ပြောကြားရာမှာ အီရန် နိုင်ငံခြားရေးဝန်ကြီး အဘတ်စ် အာရာချီက အီရန်အနေနဲ့ သဘောတူညီမှု မူကြမ်း တစ်ရပ် ရေးဆွဲပြီး အမေရိကန် အထူးကိုယ်စားလှယ် စတိဗ် ဝစ်ကော့ဖ်ဆီ လာမယ့် ရက်အနည်းငယ်အတွင်း ပေးပို့ဖို့ ပြင်ဆင်ထားတယ်လို့ ဆိုပါတယ်။

အမေရိကန်က အီရန်နိုင်ငံအနီးမှာ လေယာဉ်တင်သင်္ဘောနဲ့ စစ်သင်္ဘော အများအပြား ချထားပြီး ဖိအားတိုးပေးနေချိန် ဂျီနီဗာမှာ နှစ်နိုင်ငံ ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

အီရန်ကလည်း စစ်အင်အားတိုးမြှင့်ထားပြီး အီရန် ထိပ်တန်းခေါင်းဆောင် အယာတိုလာ အလီခါမေနီက အမေရိကန်ကို ပြန်လည် တိုက်ခိုက်မယ်လို့ လူမှုမီဒီယာကနေတဆင့် ခြိမ်းခြောက်ထားပါတယ်။

အမေရိကန်က အီရန်ဆီသို့ စစ်သင်္ဘောတွေ စေလွှတ်ထားတယ်လို့ သမ္မတ ထရန့်က အမြဲ ပြောနေပြီး အမှန်တကယ်ပဲ စစ်သင်္ဘောဆိုတာ အန္တရာယ်ရှိတဲ့ စစ်လက်နက် ဖြစ်ပေမယ့် အဲဒီ စစ်သင်္ဘောကို ပင်လယ်ရေအောက် နစ်မြုပ်သွားအောင် ဒုံးကျည်တွေနဲ့ ပစ်ခတ်နိုင်တယ်လို့ ခါမေနီက တုံ့ပြန်ထားပါတယ်။

ထရန့်က ဂျာနယ်လစ်တွေရဲ့ မေးမြန်းမှုတွေအတွက် ပြန်လည် ဖြေကြားမှုတွေကို အခိုင်အမာ မှတ်ယူလို့မရဘဲ မကြာခဏဆိုသလို သူပြောဆိုတာနဲ့ လုပ်ဆောင်တာ ကွဲလွဲနေတတ်ပါတယ်။
Ref:BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.