ဘန်ကောက်၊ ဖေဖော်ဝါရီ ၂၁

ထိုင်းနိုင်ငံ မြောက်ပိုင်းရှိ ပုဂ္ဂလိက ဥယျာဉ် တစ်ခုမှာ ကျား ၇၂ ကောင် သေဆုံးမှုဟာ ပြင်းထန်တဲ့ ဗိုင်းရပ်စ်နဲ့ ဘက်တီးရီးယား ကူးစက်မှုကြောင့် ဖြစ်ကြောင်း အရာရှိတွေက ပြောပါတယ်။

စစ်ဆေးမှုတွေအရ ကူးစက်နိုင်မှု ပြင်းထန်တဲ့ ဗိုင်းရပ်စ် တစ်မျိုးနဲ့ အသက်ရှူလမ်းကြောင်းကို ထိခိုက်စေတဲ့ ဘက်တီးရီးယား ကူးစက်မှုကြောင့် ကျားတွေ သေဆုံးရတာ ဖြစ်ကြောင်း ချင်းမိုင် ဒေသဆိုင်ရာ မွေးမြူရေး တိရစ္ဆာန်ရုံးရဲ့ ဖေဖော်ဝါရီ ၂၀ ရက် ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ကျားတွေ နာမကျန်း ဖြစ်တဲ့အချိန်မှာ ကြောင်တွေ၊ ခွေးတွေလို မဟုတ်ဘဲ စစ်ဆေးတွေ့ရှိဖို့ ခက်ခဲကြောင်း၊ ကျားတွေ နာမကျန်း ဖြစ်နေကြောင်း သိရှိတဲ့အချိန်မှာ အရမ်း နောက်ကျသွားပြီ ဖြစ်ကြောင်း အမျိုးသား မွေးမြူရေး တိရစ္ဆာန်ဌာန ညွှန်ကြားရေးမှူး ဆွမ်ချွန်က ပြည်တွင်း မီဒီယာသို့ ပြောပါတယ်။

ကျားတိုင်းပြည်လို့ ခေါ်တဲ့ ကျားတွေ အစုလိုက် အပြုံလိုက် သေဆုံးခဲ့တဲ့ အဲဒီ ဥယျာဉ်ကို ဖေဖော်ဝါရီ ၂၀ ရက်က ဆက်သွယ်ခဲ့ပေမယ့် အဆက်အသွယ် မရခဲ့ဘူးလို့ အေအက်ဖ်ပီ သတင်းဌာနက ဖော်ပြထားပါတယ်။

ဝက်ဘ်ဆိုက်မှာ ကြေညာထားချက်အရ ဥယျာဉ်သို့ လာရောက်သူတွေ အနေနဲ့ ကျားတွေကို ထိကိုင်ခွင့်၊ အတူတွဲပြီး ဓာတ်ပုံရိုက်ခွင့် ပြုထားကြောင်း သိရပါတယ်။

အဲဒီကျားတွေဟာ နုံနုံချာချာ၊ ပိတ်လှောင်ကန့်သတ်ခံရပြီး ကြောက်ကြောက်ရွံ့ရွံ့နဲ့ နေထိုင်ခဲ့ရသလိုပဲ သေဆုံးခဲ့ရတာလည်း အဲဒီနည်းလမ်းအတိုင်းပဲလို့ တိရစ္ဆာန်အရေး တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။

ဒီလိုနေရာမျိုးက ကမ္ဘာလှည့်ခရီးသည်တွေ မလာရင် အမြတ်ရတော့မှာ မဟုတ်ပါဘူး။ ပြီးတော့ ဒီလို ဝမ်းနည်းစရာကောင်းတဲ့ ဖြစ်ရပ် ဖြစ်နိုင်ခြေလည်း အများကြီး နည်းပါတယ်လို့ တိရစ္ဆာန် အခွင့်အရေးအဖွဲ့ PETA Asia က အေအက်ဖ်ပီ သတင်းဌာနသို့ ပြောပါတယ်။

အဲဒီ ဥယျာဉ်မှာ ကျားတွေ တစ်ကောင်ပြီး တစ်ကောင်သေဆုံးမှုဟာ စောစောပိုင်းမှာ ဖြစ်ရပ်ဆန်း တစ်ခုအနေနဲ့ လူပြောများတဲ့ ကိစ္စတစ်ခု ဖြစ်ခဲ့ပါတယ်။

ထိုင်းမှာ တောရိုင်းတိရစ္ဆာန်တွေကို ဘုန်းကြီးကျောင်းတွေမှာ မွေးမြူထားတာတွေလည်း ရှိပြီး ဖြစ်ရပ် တစ်ခုမှာ ကျားတွေ မွေးမြူထားတဲ့ ဘုန်းကြီးကျောင်း တစ်ကျောင်းထဲက ပြည်ပသို့ ရောင်းချဖို့ အတွက် ကျားခန္ဓာကိုယ် အစိတ်အပိုင်းတွေ သိမ်းဆည်းထားတာကို စစ်ဆေးတွေ့ရှိခဲ့ပါတယ်။
Ref:AFP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.