အစ္စလာမ်မာဘက်၊ ဖေဖော်ဝါရီ ၂၃
ပါကစ္စတန်က အာဖဂန်နစ္စတန်ကို ဖေဖော်ဝါရီ ၂၂ ရက်ညပိုင်းမှာ လေကြောင်း တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပြီး အမျိုးသမီးတွေနဲ့ ကလေးငယ်တွေ အပါအဝင် လူ ၁၈ ဦးထက် မနည်း သေဆုံးခဲ့တယ်လို့ တာလီဘန်အဖွဲ့က ပြောပါတယ်။
စစ်သွေးကြွတွေက ပါကစ္စတန်မှာ မကြာသေးခင်က အသေခံ ဗုံးခွဲတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပြီးနောက် နှစ်နိုင်ငံ နယ်စပ်ရှိ စစ်သွေးကြွ စခန်းတွေနဲ့ ပုန်းအောင်းရာနေရာ ၇ နေရာကို ပစ်မှတ်ထားပြီး လေကြောင်း တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တာ ဖြစ်တယ်လို့ ပါကစ္စတန်က ပြောပါတယ်။
အဲဒီ တိုက်ခိုက်မှုတွေကို အာဖဂန်နစ္စတန်က ပြစ်တင်ရှုတ်ချပြီး လေကြာင်းတိုက်ခိုက်မှုတွေကြောင့် လူနေအိမ်တွေနဲ့ ဘာသာရေးကျောင်းတစ်ကျောင်း ထိမှန်ပျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။
အရင်က နယ်စပ်ဖြတ်ကျော် တိုက်ခိုက်မှုတွေ ဖြစ်ပွားပြီးနောက် နှစ်နိုင်ငံကြား အောက်တိုဘာလက အပစ်အခတ်ရပ်စဲရေး သဘောတူခဲ့ပေမယ့် တိုက်ခိုက်မှုတွေ မကြာမကြာ ပြန်လည် ဖြစ်ပွားခဲ့ပြီးနောက်မှာ ပါကစ္စတန်က အခုလိုမျိုး လေကြောင်း တိုက်ခိုက်မှုတွေ ပြုလုပ်လာတာပါ။
နန်ဂါဟာနဲ့ ပါတီဂါ ပြည်နယ်ရှိ အရပ်ဖက် ပစ်မှတ်တွေကို ပါကစ္စတန်က လေကြောင်းက တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး လူဒါဇင်ပေါင်းများစွာ သေဆုံးကြောင်း တာလီဘန် ကာကွယ်ရေး ဝန်ကြီးဌာနက ပြောပါတယ်။
ဂါဒီကတ်စ်ရွာမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် မိစားစုဝင် ၂၃ ယောက်ထဲမှာ ၅ ယောက်ပဲ အသက်ရှင်ခဲ့တယ်လို့ သိရပါတယ်။
သေဆုံးသူ စုစုပေါင်း ၂၀ ထက်မနည်း ရှိကြောင်း ဘီဘီစီသတင်းမှာ ဖော်ပြထားပြီး တခြားနေရာတွေမှာလည်း လေကြောင်း တိုက်ခိုက်ခံခဲ့ရပေမယ့် အဆောက်အဦတွေပဲ ပျက်စီးခဲ့ပြီး လူသေဆုံးမှု မရှိဘူးလို့ သိရပါတယ်။
ပါကစ္စတန် သတင်းနဲ့ ပြန်ကြားရေးဝန်ကြီးဌာနက ထောက်လှမ်းရေး သတင်းကို အခြေခံပြီး စစ်သွေးကြွ စခန်းတွေနဲ့ ပုန်းအောင်ရာနေရာ ၇ နေရာကို တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ ပြောထားပါတယ်။
ပါကစ္စတန် တာလီဘန်တွေဟာ အာဖဂန်နစ္စတန် နယ်စပ်မှာ အခြေချပြီး ပါကစ္စတန်နိုင်ငံထဲ ဝင်ရောက်ပြီးတော့ မကြာခဏဆိုသလို တိုက်ခိုက်မှုတွေ ပြုလုပ်လေ့ရှိပါတယ်။
မကြာသေးခင်က ပါကစ္စတန်မှာ အသေခံ ဗုံးခွဲ တိုက်ခိုက်မှုတွေ များပြားလာခဲ့ပြီးနောက် အခုလိုမျိုး လေကြောင်း တိုက်ခိုက်မှုတွေ ပြုလုပ်ပြီး လက်တုံ့ပြန်တာ ဖြစ်ပါတယ်။
အခုလ စောစောပိုင်းက မြို့တော် အစ္စလာမ်မာဘက်ရှိ ရှီဟိုက် ဘာသာဝင်တို့ရဲ့ ဗလီတစ်လုံးကို အသေခံ ဗုံးခွဲတိုက်ခိုက်မှု ဖြစ်ပွားခဲ့ပါတယ်။
အခုသီတင်းပတ် မွတ်စလင်တို့ရဲ့ ဥပုသ်လ ရမန်ဒန် စတင်ပြီးနောက်မှာလည်း နောက်ထကပ် တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ ပါတယ်။
အာဖဂန်နစ္စတန်ကို အုပ်ချုပ်နေတဲ့ တာလီဘန်အဖွဲ့ အနေနဲ့ စစ်သွေးကြွတွေကို နှိမ်နှင်းဖို့ ပျက်ကွက်နေတယ်လို့ ပါကစ္စတန် အာဏာပိုင်တွေက ပြောထားပါတယ်။
အထူးသဖြင့် စစ်သွေးကြွတွေဟာ အာဖဂန်နစ္စတန်ရှိ သူတိုခေါင်းဆောင်တွေရဲ့ ညွှန်ကြားမှုနဲ့ ပါကစ္စတန်မှာ တိုက်ခိုက်မှုတွေ ပြုလုပ်နေတာ ဖြစ်ပါတယ်လို့ ပါကစ္စတန် အရာရှိတွေက ပြောပါတယ်။
ပါကစ္စတန်ရဲ့ တိုက်ခိုက်မှုတွေဟာ အာဖဂန်နစ္စတန်ရဲ့ နယ်နိမိတ်ဆိုင်ရာ ဂုဏ်သိက္ခာကို ပြောင်ပြောင် တင်းတင်းချိုးဖောက်မှု ဖြစ်တယ်လို့ အာဖဂန်နစ္စတန် တာလီဘန် ကာကွယ်ရေးဝန်ကြီးဌာနက လူမှု မီဒီယာမှာ ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာက နယ်စပ်ဖြတ်ကျော် တိုက်ခိုက်မှုတွေအတွင်း အာဖဂန်ဘက်က ဖမ်းဆီးထားတဲ့ ပါကစ္စတန် စစ်သား ၃ ဦး ဆော်ဒီအာရေးဗီးယားရဲ့ ကြားဝင်စေ့စပ်မှုနဲ့ ပြန်လွတ်လာပြီးနောက် ရက်ပိုင်းအကြာမှာ ပါကစ္စတန်က လေကြောင်း တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
ပါကစ္စတန်နဲ့ အာဖဂန်နစ္စတန်ကြား တောင်ထူတဲ့ နယ်စပ်ဟာ မိုင်ပေါင်း ၁၆၀၀ အထိ ရှည်လျားပါတယ်။
Ref:BBC

