ဆိုးလ်၊ ဖေဖော်ဝါရီ ၂၃
ကြုံတောင့်ကြုံခဲ ကျင်းပခဲ့တဲ့ ညီလာခံမှာ အာဏာရ အလုပ်သမားပါတီရဲ့ အထွေထွေ အတွင်းရေးမှူးချုပ်အဖြစ် မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန် ထပ်မံ ရွေးကောက်ခံရကြောင်း နိုင်ငံပိုင်မီဒီယာက ဖေဖော်ဝါရီ ၂၃ ရက်မှာ ဖော်ပြပါတယ်။
လေးရက်ကြာ ကျင်းပတဲ့ ညီလာခံမှာ ကိုယ်စားလှယ် အားလုံးရဲ့ ပြောင်းလဲမှု မရှိတဲ့ သဘောထားဆန္ဒနဲ့အညီ ဖေဖော်ဝါရီ ၂၂ ရက်က အခုလိုမျိုး ဆုံးဖြတ်ခဲ့ကြတာ ဖြစ်တယ်လို့ KCNA သတင်းမှာ ဖော်ပြထားပါတယ်။
ကင်ဂျုံအန်ရဲ့ ခေါင်းဆောင်မှုအောက်မှာ မြောက်ကိုရီးယားရဲ့ နျူကလီးယား တပ်ဖွဲ့နဲ့အတူ စစ်ပွဲ ခုခံ ကာကွယ်နိုင်စွမ်းဟာ လုံးလုံးလျားလျား တိုးတက်လာခဲ့တယ်လို့ အဲဒီသတင်းဌာနက ဖော်ပြထားပါတယ်။
သာမန် အသေးစိတ် အခြေအနေတွေကိုတောင် လျှို့ဝှက်ထားတဲ့ နိုင်ငံတစ်နိုင်ငံမှာ ၅ နှစ် တစ်ကြိမ်စီ ကျင်းပတဲ့ ညီလာခံက နိုင်ငံရဲ့ အလုပ်လုပ်ပုံကို ကြုံတောင့်ကြုံခဲ လှစ်ဟ ပြနေပါတယ်။
အဲဒီ ညီလာခံက အိမ်ရာတွေ တည်ဆောက်တာကနေ စစ်ပွဲတွေ စီစဉ်တာအထိ အစိုးရရဲ့ ကြိုးပမ်းမှု အားလုံးကို ညွှန်ကြားနေတာ ဖြစ်ပါတယ်။
ဖေဖော်ဝါရီ ၁၉ ရက်က ညီလာခံ ဖွင့်ပွဲမိန့်ခွန်းမှာ ကင်ဂျုံအန်က ဒဏ်ခတ်ပိတ်ဆို့မှုတွေကြောင့် စီးပွားရေး အခက်ကြုံနေချိန်မှာ လူနေထိုင်မှု စံနှုန်းတွေ တိုးမြှင့်ပေးသွားမယ်လို့ ကတိပြုခဲ့ပါတယ်။
ဒီကနေ့ အချိန်မှာ မိမိတို့ ပါတီဟာ စီးပွားရေး တည်ဆောက်မှု အားကောင်းအောင် ဆောင်ရွက်ရေး၊ ပြည်သူတွေရဲ့ နေထိုင်မှု စံနှုန်း တိုးတက်လာစေရေး တတ်နိုင်သမျှ အမြန်ဆုံးဆောင်ရွက်ဖို့ ကြီးလေးတဲ့ သမိုင်းပေးတာဝန်နဲ့ ရင်ဆိုင်နေရကြောင်း ကင်ဂျုံအန်က ပြောပါတယ်။
မြောက်ကိုရီးယားမှာ စားနပ်ရိက္ခာတွေ ကုန်ခမ်းနေပြီး အငတ်ဘေးဆိုက်နေချိန်တွေမှာတောင် နျူကလီးယား လက်နက်တွေနဲ့ စစ်အင်အား တည်ဆောက်ရေး အဓိက ဆောင်ရွက်ခဲ့တာ ဆယ်စုနှစ်ပေါင်းများစွာ ကြာခဲ့ပြီ ဖြစ်ပါတယ်။
ဒါပေမဲ့ ၂၀၁၁ က ကင်ဂျုံအန် စတင် တာဝန်ယူပြီးနောက်ပိုင်း သူက ဆင်းရဲတဲ့ နိုင်ငံရဲ့ စီးပွားရေးကို ခိုင်မာအောင် လုပ်ဆောင်ဖို့ လိုအပ်ကြောင်း ပြောကြားခဲ့ပါတယ်။
၂၀၂၁ ခုနှစ်က နောက်ဆုံး ကျင်းပခဲ့တဲ့ ပါတီညီလာခံမှာ ကင်ဂျုံအန်က စီးပွားရေး ဖွံ့ဖြိုးအောင် လုပ်ဆောင်ရာမှာ ကဏ္ဍ အားလုံးနီးပါးမှာ အမှားတွေ ရှိခဲ့ကြောင်း ရှားရှားပါးပါး ဝန်ခံ ပြောဆိုခဲ့ပါတယ်။
အခုနှစ် ညီလာခံမှာတော့ ကင်ဂျုံအန်က နိုင်ငံရဲ့ နျူကလီးယား စီမံကိန်း နောက်တစ်ဆင့်ကို မိတ်ဆက်ထားပြီး ဖြစ်တယ်လို့ ပြောပါတယ်။
ဒါက ကင်ဂျုံအန် မိသားစုရဲ့ ဆယ်စုနှစ်ပေါင်းများစွာကြာ အုပ်စိုးမှုအတွင်း အာဏာရ အလုပ်သမား ပါတီရဲ့ ၉ ကြိမ်မြောက် ညီလာခံ ဖြစ်ပါတယ်။
အဲဒီ ညီလာခံဟာ ကင်ဂျုံအန်ရဲ့ ဖခင် ကင်ဂျုံအီ လက်ထက်က အားနည်းသွားခဲ့ပေမယ့် ၂၀၁၆ ခုနှစ်မှာ ပြန်လည် အားကောင်းလာခဲ့ပါတယ်။
မြောက်ကိုရီးယားက နိုင်ငံတကာရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေနဲ့ ရင်ဆိုင်နေရပေမယ့် ကုလသမဂ္ဂ တားမြစ်ချက်တွေကို ချိုးဖောက်ပြီး ပဲ့ထိန်းဒုံးကျည်တွေ၊ နျူကလီးယား လက်နက်တွေ တိုးမြှင့် ထုတ်လုပ်နေပါတယ်။
ယူကရိန်း စစ်ပွဲမှာလည်း ရုရှားကို ကူညီရေး တပ်ဖွဲ့ဝင် ထောင်နဲ့ချီ စေလွှတ်ထားပြီး ရုရှားဆီက လက်နက် နည်းပညာ အကူအညီ ပြန်လည် ရယူနေတယ်လို့ ထောက်လှမ်းရေး သတင်းရင်းမြစ်တွေက ပြောပါတယ်။
Ref:AFP

