ဘန်ကောက် ၊ဖေဖော်ဝါရီ ၂၃

မြန်မာနယ်စပ်ရှိ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ ရွှေကုက္ကိုလ်မြို့ကနေ သောင်းရင်းမြစ်ကို ဖြတ်ပြီး ထိုင်းနိုင်ငံထဲ ဝင်ပြေးလာတဲ့ တရုတ်နိုင်ငံသား ၂၀ ဦးကို ထိုင်းအရာရှိတွေက တာ့ခ်ပြည်နယ်မှာ ဖေဖော်ဝါရီ ၂၃ နံနက်ပိုင်းက ဖမ်းဆီးလိုက်ပါတယ်။

အိတ်တွေကိုအပေါ်သို့ မြှောက်ကိုင်ပြီး သောင်းရင်းမြစ်ကို ဖြတ်ကူးလာနေတဲ့ တရုတ် နိုင်ငံသားတွေကို ထိုင်းစစ်တပ်ရဲ့ ရတ်ချာမာနုတပ်ခွဲက တပ်ဖွဲ့ဝင်တွေ သတိပြုမိခဲ့ပြီးနောက် မဲဆောက်ဒေသရှိ ဘန်ဝမ်ကွေ အမှတ်၂ ကျေးရွာမှာ ထိုင်းနိုင်ငံထဲသို့ တရားမဝင် ဝင်ရောက်မှုနဲ့ ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

သူတို့ကို ဖမ်းဆီးရှာဖွေ စစ်ဆေးရာ လေးဦးမှာပဲ နိုင်ငံကူးလက်မှတ်ရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့တယ်လို့ ထိုင်းအရာရှိတွေက ပြောပါတယ်။

ကျန် ၁၆ ဦးမှာ ဘာစာရွက်စာတမ်းမှ ပါမလာဘဲ အားလုံးကို ထိုင်းနိုင်ငံထဲ တရားမဝင် ဝင်ရောက်မှုနဲ့ ဖမ်းဆီး အရေးယူထားကြောင်း ရတ်ချာမာနုတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ပြောပါတယ်။

ထိုင်း-မြန်မာ နယ်စပ်ကို ဖြတ်ကျော်ပြီး တရားမဝင် ဝင်ရောက်မှုတွေ လျော့ကျမသွားဘဲ အထူးသဖြင့် ကျားဖြန့်လုပ်ငန်းက ထွက်ပြေးလာတဲ့ နိုင်ငံခြားသားတွေ အများဆုံး ဖြစ်ကြောင်း ထိုင်းအရာရှိတွေက ပြောထားပါတယ်။

ရွှေကုက္ကိုလ်ရှိ အွန်လိုင်း လူလိမ်လုပ်ငန်းတွေ နှိမ်နှင်းခံရပြီးနောက် တခြားနေရာတွေမှာ ရှိနေတဲ့ လုပ်ငန်းတွေဆီ သွားရောက် လုပ်ကိုင်သူတွေ ရှိနေသလို ထိုင်းနိုင်ငံထဲသို့ နယ်စပ် ဖြတ်ကျော် ထွက်ပြေးသူတွေလည်း ရှိနေပါတယ်။

ကမ္ဘာတဝှမ်းလုံးက အွန်လိုင်း သုံးစွဲသူတွေကို လိမ်လည်နေတဲ့ အဲဒီ ကျားဖြန့်လုပ်ငန်းတွေဟာ နှစ်စဉ် ဒေါ်လာဘီလီယံနဲ့ချီ ဝင်ငွေ ရရှိနေကြောင်း ကုလသမဂ္ဂ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

အဲဒ လူလိမ်လုပ်ငန်းတွေက ကမ္ဘာတဝှမ်းက လူတွေကို လုပ်ခလစာ ကောင်းကောင်းရမယ်ဆိုတဲ့ မက်လုံးတွေပေးပြီး လိမ်လည်ခေါ်ယူပြီး အတင်းအကြပ် အလုပ်စေခိုင်းနေပါတယ်။

တချို့ကို အွန်လိုင်းက လိမ်လည်ခေါ်ယူပြီး ပြန်ပေးဆွဲ ရောင်းစားနေတာတွေလည်း ရှိပါတယ်။

ဒီလုပ်ငန်းကို လုပ်ကိုင်သူ အများစုဟာ တရုတ်နိုင်ငံသားတွေ ဖြစ်ပြီး လိမ်လည်ခံရသူတွေထဲမှာလည်း တရုတ်နိုင်ငံသားတွေ အများကြီး ပါဝင်လာပါတယ်။

တရုတ် အစိုးရက ကျားဖြန့်နှိမ်နှင်းရေး ဒေသတွင်း နိုင်ငံတွေနဲ့ စတင် ပူးပေါင်းဆောင်ရွက်ခဲ့ပြီး အမေရိကန်နိုင်ငံကလည်း သူတို့ နိုင်ငံသားတွေရဲ့ ထိခိုက်နစ်နာမှုကို တားဆီးရေး ကျားဖြန့်နှိမ်နှင်းရေး အထူး တပ်ဖွဲ့ ဖွဲ့လိုက်ပြီးနောက်မှာ ကျားဖြန့်လုပ်ငန်းတွေကို မြန်မာ စစ်တပ်က နှိမ်နှင်းပြခဲ့ပါတယ်။

ဒါပေမဲ့ ကျားဖြန့်လုပ်ငန်းတွေဟာ ထိုင်း-မြန်မာနယ်စပ်တလျှောက် ဆက်လက် လည်ပတ်နေဆဲ ဖြစ်ကြောင်း လေ့လာသူတွေက ပြောဆိုနေကြပါတယ်။

Ref:Bangkokpost

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.