ကာရာကတ်စ်၊ ဖေဖော်ဝါရီ ၂၃
ယာယီသမ္မတ ဒယ်လ်စီ ရိုဒရီဂွတ်ဇ်ရဲ့ အစိုးရအနေနဲ့ အမေရိကန်ရဲ့ ပြင်းထန်တဲ့ ဖိအားပေးမှုနဲ့ ရင်ဆိုင်နေရချိန်မှာ ဗင်နီဇွဲလားကနေ ကျူးဘား လုံခြုံရေး အကြံပေးတွေနဲ့ ဆရာဝန်တွေ ပြန်လည် ထွက်ခွာသွားကြကြောင်း အဲဒီ ကိစ္စနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ် ၁၁ ခုက ပြောပါတယ်။
အမေရိကန်က ဖမ်းဆီးထားတဲ့ သမ္မတဟောင်း နီကိုလာ့စ် မာဒူရိုနဲ့ သူ့မတိုင်ခင်က သမ္မတ ဟူဂိုချားဗက်ဇ်တို့က သူတို့ရဲ့ လုံခြုံရေးအတွက် ကျူးဘား ထိပ်တန်းတပ်ဖွဲ့တွေကို အားကိုးခဲ့ကြတာ ဖြစ်ပါတယ်။
ဒါပေမဲ့ ဗင်နီဇွဲလား ယာယီသမ္မတ ဒယ်လ်စီ ရိုဒရီဂွတ်ဇ်က သူ့ရဲ့ ကာကွယ်ရေးအတွက် ဗင်နီဇွဲလား သက်တော်စောင့်တွေကိုပဲ ယုံကြည်ထားတယ်လို့ သတင်းရင်းမြစ် လေးခုက ပြောပါတယ်။
ဇန်နဝါရီ ၃ ရက်က မာဒူရိုကို ဖမ်းဆီးခဲ့တဲ့ အမေရိကန်ရဲ့ တိုက်ခိုက်မှုအတွင်း ကျူးဘားနိုင်ငံသား ၃၂ ဦး သေဆုံးခဲ့ကြောင်း ကျူးဘားအစိုးရက ထုတ်ပြန်ထားပါတယ်။
အဲဒီ ကျူးဘား စစ်သားတွေဟာ ၂၀၀၀ ပြည့်နှစ် နှောင်းပိုင်းလောက်က စတင်ခဲ့တဲ့ ကာရာကတ်စ်နဲ့ ဟာဗားနားကြား နက်ရှိုင်းတဲ့ လုံခြုံရေး သဘောတူညီမှု တစ်စိတ်တစ်ပိုင်းအနေနဲ့ ချထားခဲ့တာပါ။
ဒီသဘောတူညီမှုအရ ပြည်တွင်း အတိုက်အခံတွေကို နှိမ်နှင်းရာမှာ အခြေခံကျတဲ့ ဗင်နီဇွဲလား တန်ပြန် ထောက်လှမ်းရေးနဲ့ စစ်တပ်ထဲမှာ ကျူးဘား ထောက်လှမ်းရေး အေးဂျင့်တွေ ပါဝင်နေပါတယ်။
ချားဗက်ဇ်အစိုးရ ရှင်သန်ရပ်တည်ရေးအတွက် ကျူးဘားရဲ့ သြဇာလွှမ်းမိုးမှု မရှိမဖြစ် လိုအပ်ခဲ့ကြောင်း ဗင်နီဇွဲလားအရေး ကျွမ်းကျင်သူ နယူးယောက်တက္ကသိုလ် သမိုင်းပါမောက္ခ အလီဂျန်ဒရို ဗီလက်စကိုက ပြောပါတယ်။
ဗင်နီဇွဲလား ထောက်လှမ်းရေး ဌာနထဲက ကျူးဘား အကြံပေးအရာရှိ တချို့ကို ထုတ်ပယ် ရှင်းလင်းခဲ့တယ်လို့ ဗင်နီဇွဲလား ထောက်လှမ်းရေး အရာရှိဟောင်း တစ်ဦးက ပြောပါတယ်။
ကျူးဘား လုံခြုံရေးအကြံပေးတွေနဲ့ ဆေးဖက်ဆိုင်ရာ ဝန်ထမ်းတွေဟာ မကြာသေးခင်က ဗင်နီဇွဲလားကနေ လေကြောင်းနဲ့ ကျူးဘားသို့ ပြန်သွားကြတယ်လို့ သတင်းရင်းမြစ် နှစ်ခုက ပြောပါတယ်။
အမေရိကန်ရဲ့ဖိအားကြောင့် ယာယီသမ္မတရဲ့ ညွှန်ကြားချက်နဲ့ ကျူးဘား အရာရှိတွေ ပြန်လည် ထွက်ခွာသွားတာ ဖြစ်ကြောင်း ဗင်နီဇွဲလား အာဏာရပါတီနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ် တစ်ခုက ပြောပါတယ်။
မာဒူရိုကို ဖမ်းဆီးပြီးနောက်မှာ အမေရိကန်သမ္မတ ဒေါ်နယ် ထရန့်က ဗင်နီဇွဲလားနဲ့ ကျူးဘားကြား လုံခြုံရေး ဆက်ဆံရေးကို အဆုံးသတ်ပစ်မယ်လို့ ကြွေးကြော်ထားပြီး ကျူးဘားအတွက် ဗင်နီဇွဲလားရဲ့ ရေနံတွေ မရရှိအောင် ပိတ်ဆို့ထားပါတယ်။
အမေရိကန်က ကျူးဘားကို ဖိအားပေးပြီး သူတို့နဲ့ သဘောတူညီမှု တစ်ရပ် ရယူဖို့ တိုက်တွန်းထားပါတယ်။
Ref:Reuters

