ဆိုးလ်၊ ဖေဖော်ဝါရီ ၂၄
ကြုံတောင့်ကြုံခဲ ကျင်းပတဲ့ ပါတီ ညီလာခံအတွင်း မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်ရဲ့ သြဇာကြီးမားဆဲ့ ညီမ ဖြစ်သူဟာ အာဏာရပါတီရဲ့ ဖွဲ့စည်းတည်ဆောက်ပုံအတွင်း ရာထူးတိုးမြှင့်ခံခဲ့ရကြောင်း နိုင်ငံပိုင် မီဒီယာက ဖေဖော်ဝါရီ ၂၄ ရက်မှာ ဖော်ပြပါတယ်။
အရင်က ဌာနဆိုင်ရာ လက်ထောက်ညွှန်ကြားရေးမှူး ဖြစ်တဲ့ ကင်ယိုဂျုံကို အလုပ်သမားပါတီရဲ့ ဗဟို ကော်မတီက ဌာနဆိုင်ရာ ရာနှုန်းပြည့် ညွှန်ကြားရေးမှူးအဖြစ် ဖေဖော်ဝါရီ ၂၃ ရက်က ခန့်အပ်လိုက်ကြောင်း မြောက်ကိုရီးယား တရားဝင် သတင်းဌာန Korean Central News Agency က ဖော်ပြပါတယ်။
အာဏာရပါတီရဲ့ ၅ နှစ်မှာ တစ်ကြိမ် ကျင်းပတဲ့ ညီလာခံအတွက် မြို့တော် ပြုံးယမ်းသို့ ပါတီ ထိပ်တန်းအဖွဲ့ဝင် ထောင်ပေါင်းများစွာ ရောက်ရှိလာခဲ့ကြပါတယ်။
အဲဒီ ညီလာခံဟာ သံတမန်ရေးကစလို့ စစ်ပွဲ အစီအစဉ်တွေအထိ အစိုးရရဲ့ ကြိုးပမ်းမှု အားလုံးကို စီစဉ် ညွှန်ကြားတာ ဖြစ်ပါတယ်။
ဒီညီလာခံဟာ ကင်ဂျုံအန်ရဲ့ အာဏာ ဆုပ်ကိုင်မှု ပိုမို မြဲမြံအောင် လုပ်ဆောင်တဲ့ ညီလာခံ တစ်ခုလို့ အများက ရှုမြင်ကြပါတယ်။
နိုင်ငံတွင်း သာမန် အခြေအနေတွေကိုတောင် သိဖို့ မလွယ်တဲ့ မြောက်ကိုရီးယားမှာ အာဏာရ ပါတီက နိုင်ငံရေးအရ ဘယ်လို အလုပ်လုပ်သလဲ ဆိုတာကိုလဲ ဒီညီလာခံက လှစ်ဟ ပြနေပါတယ်။
ကင်ယိုဂျုံဟာ သူ့အစ်ကိုရဲ့ အရင်းနီးဆုံး လက်ထောက် ဗိုလ်ချုပ်တွေထဲ တစ်ယောက် ဖြစ်နေတာ ကြာပြီ ဖြစ်ပြီး နိုင်ငံတကာက ဝိုင်းပယ်ထားတဲ့ မြောက်ကိုရီးယားမှာ သြဇာ အကြီးမားဆုံး အမျိုးသမီး ဖြစ်ပါတယ်။
တောင်ကိုရီးယားအစိုးရရဲ့ ဖော်ပြချက်အရ ၁၉၈၀ ပြည့်နှစ် နှောင်းပိုင်းမှာ မွေးဖွားတယ်လို့ သိရတဲ့ ကင်ယိုဂျုံဟာ ကင်ဂျုံအန်ရဲ့ ဖခင်၊ အရင်က နိုင်ငံ့ခေါင်းဆောင် ကင်ဂျုံအီနဲ့ သူ့ရဲ့ တတိယမြောက် ဘဝ လက်တွဲဖော် အကသမဟောင်း ကိုယောင်ဟွီတို့က မွေးဖွားတဲ့ သားသမီး သုံးယောက်ထဲက တစ်ယောက် ဖြစ်ပါတယ်။
သူဟာ သူ့အစ်ကိုနဲ့အတူ ဆွစ်ဇာလန်မှာ ပညာသင်ယူခဲ့ပြီး ၂၀၁၁ ခုနှစ်မှာ သူတို့ရဲ့ ဖခင် သေဆုံးပြီးနောက် သူ့အစ်ကို အာဏာဆက်ခံချိန်မှာ ရာထူးတွေ တစ်ဆင့်ပြီး တစ်ဆင့် အလျင်အမြန် တိုးတက်လာခဲ့ပါတယ်။
တောင်ကိုရီးယားနဲ့ တင်းမာမှု မြင့်တက်နေချိန်တွေမှာ ကင်ယိုဂျုံက ပြင်းထန်တဲ့ ခြိမ်းခြောက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။
သူဟာ တောင်ကိုရီးယားနဲ့ပတ်သက်လို့ သဘောထား တင်းမာသူ တစ်ယောက်အဖြစ် သတင်းကြီးသူ ဖြစ်ပါတယ်။
ရက်အနည်းငယ်ကြာတဲ့အထိ ကျင်းပတဲ့ ညီလာခံ နောက်ပိုင်းမှာ နိုင်ငံ့ခေါင်းဆောင် ကင်ဂျုံအန်က မြောက်ကိုရီးယားရဲ့ နျူကလီးယား စီမံကိန်း နောက်တစ်ဆင့်ကို မိတ်ဆက် ဖော်ပြဖို့ ရှိနေပါတယ်။
နိုင်ငံတကာ ဒဏ်ခတ် ပိတ်ဆို့မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ မြောက်ကိုရီးယားမှာ လူနေမှု စံနှုန်းတွေ တိုးတက်လာအောင် ဆောင်ရွက်ပေးမှာ ဖြစ်ကြောင်း ကင်ဂျုံအန်က စောစောပိုင်းက ကတိပြုထားပါတယ်။
သူက ယူကရိန်းမှာ ရုရှားအတွက် ပါဝင် တိုက်ခိုက်ရင်း သေဆုံးသွားတဲ့ မြောက်ကိုရီးယား စစ်သားများရဲ့ ကျန်ရစ်သူ မိသားစုအတွက် တိုက်ခန်းတွေ ပေးမယ်လို့လည်း ကတိပေးထား ပါတယ်။
လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်း နိုင်ငံရဲ့ စီးပွားရေးကို စီမံခန့်ခွဲရာမှာ အမှားတွေ ရှိခဲ့ကြောင်း ကင်ဂျုံအန်က ရှားရှားပါးပါး ဝန်ခံထားပြီး စီးပွားရေး တိုးတက်လာအောင် ဆောင်ရွက်မယ်လို့ ပြောဆိုထားပါတယ်။
Ref:AFP

