ဝါရှင်တန်၊ ဖေဖော်ဝါရီ ၂၁
အမေရိကန် သမ္မတ ဒေါ်နယ် ထရန့်ရဲ့ နိုင်ငံတကာ သွင်းကုန် အခွန် တိုးမြှင့်ကောက်ခံဖို့ ဆုံးဖြတ်ချက်ဟာ ဆိုးရွားပြီး တရားဥပဒေကို ပယ်ပယ်နယ်နယ် ရှုတ်ချမှု ဖြစ်တယ်လို့ နိုင်ငံတော် တရားရုံးက ပြောကြားပြီး ပယ်ချလိုက်ပါတယ်။
တရားရုံးက အခုလိုမျိုး ဆုံးဖြတ်လိုက်ပြီးနောက် ထရန့်က အရင်ချမှတ်ထားတဲ့ အခွန်အတုပ်တွေနေရာမှာ အစားထိုးရေး ကမ္ဘာလုံးဆိုင်ရာ အခွန် ၁၀ ရာခိုင်နှုန်း သတ်မှတ်ကြောင်း ကြေညာထားပါတယ်။
ပြီးခဲ့တဲ့နှစ်အတွင်း အိမ်ဖြူတော် ကြေညာခဲ့တဲ့ ကမ္ဘာလုံးဆိုင်ရာ အခွန် အများစု တရားမဝင်ဘူးလို့ အမေရိကန် နိုင်ငံတော် တရားရုံးက ဆုံးဖြတ်လိုက်ပြီးနောက် မကြာခင်မှာပဲ အခုလို အစီအစဉ်ကို ထရန့်က ဖော်ပြခဲ့တာ ဖြစ်ပါတယ်။
၆ မဲ၊ ၃ မဲနဲ့ ဆုံးဖြတ်မှုအတွင်း တရားရုံးက တရန့်ဟာ သူ့ရဲ့ လုပ်ပိုင်ခွင့် အာဏာထက် ကျော်လွန် လုပ်ဆောင်ခဲ့တယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။
အခု တရားရုံးရဲ့ ဆုံးဖြတ်ချက်ဟာ အခွန်အတုပ် တိုးမြှင့် ကောက်ခံမှုကို စိန်ခေါ်ခဲ့ကြတဲ့ စီးပွားရေးလုပ်ငန်းတွေနဲ့ ပြည်နယ်အစိုးရတွေ အတွက် ကြီးမားတဲ့ အောင်ပွဲ ဖြစ်ပါတယ်။
ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်ရေး နယ်ပယ်မှာ မသေချာမရေရာမှုတွေ ထပ်မံ ဖြစ်ပွားလာနိုင်ပေမယ့် အဲဒီ ဆုံးဖြတ်ချက်ကြောင့် အခွန် ပြန်အမ်းငွေ ဒေါ်လာ ဘီလီယံပေါင်းများစွာရရှိရေး တံခါးပွင့်သွားခဲ့ပါတယ်။
ဖေဖော်ဝါရီ ၂၀ ရက်မှာ အိမ်ဖြူတော်က ပြောကြားရာမှာ ထရန့်က ဥပဒေအရ တိုက်ပွဲဝင်မှု မရှိဘဲ ပြန်အမ်းငွေတွေ ထွက်ပေါ်လာမှာ မဟုတ်ကြောင်းနဲ့ အဲဒီကိစ္စဟာ တရားရုံးမှာ နှစ်များစွာ ကြာမြင့်လိမ့်မယ်လို့ မျှော်လင့်ကြောင်း ပြောပါတယ်။
အမေရိကန်မှာ ရင်းနှီးမြှုပ်နှံမှုနဲ့ ထုတ်လုပ်မှုတွေ ပိုများလာစေမယ်လို့ စောဒကတက်ထားတဲ့ သူ့ရဲ့ မူလအခွန် တိုးမြှင့်မှုတွေအတိုင်း ရှေ့ဆက်နိုင်ရေး တခြား ဥပဒေတွေကို ပြောင်းလဲ အသုံးချမယ်လို့လည်း ထရန့်က ပြောပါတယ်။
ကျွန်တော်တို့မှာ တခြား နည်းလမ်းတွေရှိပါတယ်။ ကြီးကျယ်တဲ့ တခြား နည်းလမ်းတွေ ရှိပါတယ်လို့ ထရန့်က ဆိုပါတယ်။
ကမ္ဘာပေါ်ရှိ နိုင်ငံတိုင်းနီးပါးဆီကနေ တင်ပို့တဲ့ ကုန်စည်တွေအပေါ် ပြီးခဲ့တဲ့နှစ်က ထရန့်ပြဌာန်းခဲ့တဲ့ သွင်းကုန်ခွန်တွေကို အဓိကထားပြီး တရားရုံးမှာ ဥပဒေ တိုက်ပွဲ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။
ကနဦးမှာ သူက မက္ကစီကို၊ ကနေဒါနဲ့ တရုတ်တို့ကိုပဲ အခွန် တိုးမြှင့်ခဲ့ပေမယ့် နောက်ပိုင်းမှာ ဒါဇင်နဲ့ချီတဲ့ ကုန်သွယ်ဖက် နိုင်ငံတွေကိုလည်း အခွန် တိုးမြှင့် ကောက်ခံခဲ့ပါတယ်။
အိမ်ဖြူတော်က ၁၉၇၇ နိုင်ငံတကာ စီးပွားရေး အရေးပေါ် လုပ်ပိုင်ခွင့်အာဏာ အက်ဥပဒေကို ကိုးကားပြီး သမ္မတဟာ အရေးပေါ် အခြေအနေ တစ်ရပ်ကို တုံ့ပြန်တဲ့အနေနဲ့ ကုန်သွယ်ရေးအပေါ် ဥပဒေ စည်းကြပ် ပိုင်ခွင့် ရှိတယ်လို့ ပြောဆိုခဲ့ပါတယ်။
ဒါပေမဲ့ အဲဒီ အစီအစဉ်တွေကြောင့် အမေရိကန်သို့ ဝင်လာတဲ့ ကုန်စည်တွေအတွက် အခွန် သိသိသာသာ မြင့်တက်မှုနဲ့ ရင်ဆိုင်ကြရတဲ့ ပြည်တွင်းပြည်ပ လုပ်ငန်းတွေက ကန့်ကွက် အပြစ်တင်ခဲ့ကြပါတယ်။
အဲဒီလို အခွန် တိုးမြှင့်မှုကြောင့် ကုန်ပစ္စည်း ဈေးနှုန်းတွေ မြင့်တက်လာနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေလည်း ထွက်ပေါ်လာခဲ့ပါတယ်။
အဲဒီလို အခွန် တိုးမြှင့်မှုကို စိန်ခေါ်တဲ့ ပြည်နယ်တွေ၊ ရှေ့နေတွေနဲ့ အသေးစားလုပ်ငန်းတွေက အခွန် တိုးမြှင့်ဖို့ သမ္မတ အသုံးချတဲ့ ဥပဒေမှာ နိုင်ငံအတွက် အခွန် ကောက်ခံဖို့ သတ်မှတ်ဖော်ပြထားတာ မရှိဘူးလို့ ပြီးခဲ့တဲ့နှစ်က စောဒက တက်ခဲ့ကြ +ပါတယ်။
နိုင်ငံတော် တရားရုံးကတော့ ထရန့်ဟာ သူ့ရဲ့ လုပ်ပိုင်ခွင့်အာဏာကို ကျော်လွန် လုပ်ဆောင်ခဲ့တယ်လို့ ဆုံးဖြတ်ထားပါတယ်။
Ref:BBC

