တာ့ခ်၊ ဖေဖော်ဝါရီ ၂၁
ထိုင်း-မြန်မာ နယ်စပ်တလျှောက် တာ့ခ်ပြည်နယ်တဝန်း ဒုက္ခသည်စခန်း သုံးခုမှာ နေထိုင်နေတဲ့ မြန်မာ ဒုက္ခသည် ၆၀၀၀၀ လောက်အတွက် ကျန်းမာရေး အကူအညီအနေနဲ့ ဒေါ်လာ ၂ ဒသမ ၉ သန်း ပေးမှာ ဖြစ်ကြောင်း ဂျပန်အစိုးရက ကြေညာပါတယ်။
၂၀၂၁ စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်းမှာ မြန်မာနိုင်ငံမှာ အခြေအနေတွေ ပိုမိုဆိုးရွားလာတာကြောင့် အဲဒီ ဒုက္ခသည် စခန်းတွေမှာရှိတဲ့ ကျန်းမာရေး ဝန်ဆောင်မှုတွေ ပိုများလာတဲ့ ဖိအားတွေနဲ့ ရင်ဆိုင်နေရပြီးနောက် ဂျပန် အစိုးရရဲ့ အကူအညီ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
ဒုက္ခသည်စခန်းတွေကို လက်ခံထားတဲ့ တာ့ခ်ပြည်နယ်ရှိ ကျန်းမာရေးဌာန အဆောက်အဦတွေမှာ အပြင်လူနာနဲ့အတွင်း လူနာတွေ သိသိသာသာ များပြားလာနေတယ်လို့ ဂျပန် နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။
အဲဒီ ဒုက္ခသည်တွေကို လက်ခံထားတဲ့ ဒေသခံ အသိုင်းအဝိုင်းရဲ့ ကျန်းမာရေးစနစ်တွေဟာလည်း ပြင်းထန်တဲ့ ဖိအားတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ဂျပန် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ အကူအညီငွေပေးရေး လက်မှတ်ရေးထိုးပွဲ အခမ်းအနားသို့ ထိုင်းနိုင်ငံဆိုင်ရာ ဂျပန် သံအမတ်ကြီး အိုတာကာ မာဆာတိုနဲ့ ထိုင်းနိုင်ငံဆိုင်ရာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း WHO ကိုယ်စားလှယ် ဒေါက်တာ အီလီ လန်တို့ တက်ရောက်ခဲ့ကြ ပါတယ်။
နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသူတွေ ပိုများလာတာကြောင့် တာ့ခ်ပြည်နယ်မှာ ကျန်းမာရေး အဆောက်အဦ လိုအပ်ချက် ပိုများလာနေပြီး ရှေ့ဆုံးက ဝန်ဆောင်မှု ပေးနေတဲ့ ကျန်းမာရေး အဖွဲ့အစည်းတွေ ပိုများလာနေတဲ့ ဖိအားတွေနဲ့ ရင်ဆိုင်နေရကြောင်း WHO က ဖေဖော်ဝါရီ ၁၆ ရက်မှာ ပြောပါတယ်။
အဲဒီ စီမံကိန်းကြောင့် ထိုင်းနိုင်ငံသား နှစ်သိန်းကျော် အကျိုးကျေးဇူး ရရှိမယ်လို့ မျှော်လင့်ရကြောင်းလည်း WHO က ဆိုတာပါ။
စားနပ်ရိက္ခာ အကူအညီနဲ့ ကျန်းမာရေး စောင့်ရှောက်မှုတို့ အပါအဝင် မြန်မာ ဒုက္ခသည်တွေအတွက် ဘဏ္ဍာရေး အကူအညီဟာ ၂၀၂၅ ဇန်နဝါရီအတွင်း အမေရိကန်က သူတို့ရဲ့ အကူအညီကို ဖြတ်တောက်လိုက်ပြီးနောက် သိသိသာသာ လျော့ကျသွားခဲ့ပါတယ်။
အမေရိကန် ရန်ပုံငွေနဲ့ လုပ်ငန်းလည်ပတ်နေတဲ့ နိုင်ငံတကာ ကယ်ဆယ်ရေး ကော်မတီ IRC ဟာ သူတို့ရဲ့ အဓိက ကျန်းမာရေး စောင့်ရှောက်ရေး ဝန်ဆောင်မှု အားလုံးနီးပါးကို ပိတ်ထားလိုက်ရပါတယ်။
အမေရိကန် အေဂျင်စီတွေ အပါအဝင် တခြား အေဂျင်စီတွေက အလှူငွေ ထည့်ဝင်မှု လျှော့ချထားပေမယ့် ကူညီ ထောက်ပံ့မှု ရာနှုန်းပြည့် ရပ်ဆိုင်းတာတော့ မရှိသေးပါဘူး။
ဆေးရုံ၊ ဆေးခန်းတွေနဲ့ လေ့ကျင့်ရေး စင်တာတွေကို အဆင့်မြှင့်တင်ပေးတာ၊ ဆေးကိရိယာတွေ စီမံပေးတာအပြင် ကျန်းမာရေး စောင့်ရှောက်မှု လုပ်သားအင်အား အားပိုကောင်းလာအောင် လုပ်ဆောင် ပေးတာတွေအတွက် အလှူငွေတွေကို အသုံးပြုသွားမှာ ဖြစ်ကြောင်း ဂျပန် နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောထားပါတယ်။
တာ့ခ်ပြည်နယ်ရှိ ဒုက္ခသည် စခန်းထဲမှာ မယ်လ ဒုက္ခသည် စခန်းက အကြီးဆုံး ဖြစ်ပြီး ဒုက္ခသည် ၃၇၀၀၀ ကျော်ကို လက်ခံထားတာ ဖြစ်ပါတယ်။
အဲဒီ ဒုက္ခသည် စခန်းတွေ အားလုံးကို ထိုင်းအစိုးရက နိုင်ငံတကာ အလှူရှင်တွေ ပြည်တွင်း အရပ်ဖက် အဖွဲ့အစည်းတွေရဲ့ အကူအညီတွေနဲ့ စီမံခန့်ခွဲနေတာ ဖြစ်ပါတယ်။
ထိုင်းအစိုးရက ပညာရေးဝန်ကြီးဌာန လက်အောက်ရှိ စာသင်ကျောင်းတွေ အားလုံး အနေနဲ့ ဒုက္ခသည်တွေ အပါအဝင် ကလေးတွေကို ကျောင်းလက်ခံရမှာ ဖြစ်ကြောင်း ဇန်နဝါရီ ၃၀ ရက်မှာ ကြေညာခဲ့ပါတယ်။
Ref:RFA

