နိုင်ရိုဘီ၊ ဖေဖော်ဝါရီ ၂၀
ယူကရိန်း စစ်ပွဲအတွင်း ရုရှားဘက်ကနေ ပါဝင်တိုက်ခိုက်ရေး ကင်ညာနိုင်ငံသား ၁၀၀၀ ကျော် စစ်သားသစ်အဖြစ် စုဆောင်းခံထားရကြောင်း အခု သီတင်းပတ်အတွင်း လွှတ်တော်အမတ်တွေဆီ တင်ပြတဲ့ ကင်ညာထောက်လှမ်းရေး အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ဒီအရေအတွက်ဟာ အရင်က ကင်ညာ အရာရှိတွေ ခန့်မှန်းထားတဲ့ အရေအတွက်ထက် ၅ ဆ ပိုများနေပါတယ်။
နိုင်ငံခြားသားတွေအနေနဲ့ ရုရှား စစ်တပ်ထဲကို ကိုယ့်သဘောနဲ့ကိုယ် ဝင်ရောက်ခွင့်ရှိပေမယ့် ယူကရိန်းကို တိုက်ခိုက်ရေး ကင်ညာနိုင်ငံသားတွေကို တရားမဝင် စုဆောင်းမှုမှာ မော်စကို ပါဝင်နေတယ် ဆိုတဲ့ စွပ်စွဲချက်ကို ကင်ညာနိုင်ငံဆိုင်ရာ ရုရှားသံရုံးက ဖေဖော်ဝါရီ ၁၉ ရက်မှာ ငြင်းဆိုထားပါတယ်။
ယူကရိန်း စစ်ပွဲအတွင်း ရုရှားဘက်က တိုက်ခိုက်ပေးရေး ကင်ညာနိုင်ငံသားတွေကို စစ်သားသစ်အဖြစ် စုဆောင်းရာမှာ လူကုန်ကူးဂိုဏ်းတွေနဲ့ အဂတိ လိုက်စားတဲ့ အစိုးရအရာရှိတွေ ပူးပေါင်း ကြံစည် လုပ်ဆောင်နေတယ်လို့ ကင်ညာလွှတ်တော် လူများစု ခေါင်းဆောင် ကီမာနီ အီချွန်ဝါက ပြောပါတယ်။
ရုရှားအတွက် စစ်သား စုဆောင်းပေးသူတွေက ကင်ညာစစ်သားဟောင်းတွေ ရဲတပ်ဖွဲ့ဝင် ဟောင်းတွေအပြင် အလုပ်အကိုင် မရှိသူတွေကို ဒေါ်လာ ၉၃၀၉ အထိ အပိုဆုနဲ့ တစ်လ ၂၇၁၅ ဒေါ်လာ ပေးပြီး ခေါ်ယူနေတယ်လို့ သိရပါတယ်။
အခုအချိန်အထိတော့ ကင်ညာနိုင်ငံသား ၁၀၀၀ ကျော် ခေါ်ယူခံထားရပြီး ရုရှား-ယူကရိန်း စစ်ပွဲမှာ ပါဝင် တိုက်ခိုက်ဖို့ ထွက်ခွာသွားကြပြီလို့ ခေါင်းဆောင် အီချွန်ဝါက ပြောပါတယ်။
ကပ်ညာနိုင်ငံသား ၂၀၀ ကျော် ယူကရိန်းမှာ ရုရှားအတွက် တိုက်ခိုက်ပေးနေကြတယ်လို့ ကင်ညာ အစိုးရက နိုင်ဝင်ဘာလက ပြောကြားခဲ့ပါတယ်။
အဲဒီလမှာပဲ ယူကရိန်းက အာဖရိကနိုင်ငံ သုံးဒါဇင်လောက်က နိုင်ငံသား ၁၄၀၀ လောက်ဟာ မိမိတို့ နယ်နိမိတ်အတွင်း ရုရှားတပ်ဖွဲ့တွေနဲ့အတူ တိုက်ခိုက်နေတယ်လို့ ပြောကြားခဲ့ ပါတယ်။
သူတို့တွေထဲက တချို့ဟာ လှည့်ဖြား ခေါ်ဆောင်ခံရတာ ဖြစ်တယ်လို့လည်း ယူကရိန်းက အဲဒီအချိန်က ပြောကြားခဲ့ပါတယ်။
၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလအထိ ယူကရိန်း ရှေ့တန်းမှာ ကင်ညာနိုင်ငံသား ၈၉ ဦး ရှိခဲ့ပြီး ၃၉ ဦး ဆေးရုံ တင်ထားရသလို ၂၈ ဦး တာဝန်ထမ်းဆောင်ရင်း ပျောက်ဆုံးနေကြောင်း ကင်ညာထောက်လှမ်းရေး အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
Ref:Reuters

