ဘရပ်ဆဲလ်၊ ဖေဖော်ဝါရီ ၁၉

ယူကရိန်းရှိ မော်စကိုရဲ့ စစ်ပွဲ အဆုံးသတ်ရေး ရုရှား၊ ယူကရိန်းနဲ့ အမေရိကန်တို့ကြား ဆွေးနွေးမှုတွေ အဖြေမထွက်ဘဲ ပြီးဆုံးသွားခဲ့ပါတယ်။

ဂျီနီဗာမြို့မှာ ကျင်းပခဲ့တဲ့ သုံးနိုင်ငံ ဆွေးနွေးပွဲတွေဟာ ဖေဖော်ဝါရီ ၁၇ ရက်နေ့ ညနေပိုင်းအထိ ကြာမြင့်ခဲ့ပေမယ့် ဖေဖော်ဝါရီ ၁၈ ရက်မှာတော့ ၂ နာရီပဲ ကြာမြင့်ခဲ့ပါတယ်။

အမေရိကန် အထူးကိုယ်စားလှယ် စတိဗ် ဝစ်ကော့ဖ်က ဆွေးနွေးမှုတွေနဲ့ ပတ်သက်လို့ အကောင်မြင်ကြောင်း ဖော်ပြခဲ့ပေမယ့် ရုရှားညှိနှိုင်းရေးမှူးနဲ့ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးတို့က ညှိနှိုင်းရခက်ခဲကြောင်း ပြောဆိုခဲ့တာပါ။

အဓိက ဆွေးနွေးမှုတွေ အဆုံးသတ်ပြီးနောက် ကရင်မလင် နန်းတော် ညှိနှိုင်းရေးမှူး ဗလာဒီမာ မီဒင်စကီး ဆွေးနွေးပွဲနေရာသို့ ပြန်သွားပြီး ယူကရိန်းအဖွဲ့နဲ့ တစ်နာရီခွဲလောက် တံခါးပိတ် ဆွေးနွေးခဲ့ပါတယ်။

အဲဒီ ဆွေးနွေးမှုက အသေးစိတ် အချက်အလက်တွေ တစ်ခုမှ ထွက်ပေါ်မလာခဲ့ပါဘူး။

ရှေ့တန်း တည်နေရာတွေနဲ့ အပစ်အခတ်ရပ်စဲမှု စောင့်ကြည့်ရေးတို့ အပါအဝင် စစ်ဖက်ဆိုင်ရာ ကိစ္စရပ်တွေနဲ့ ပတ်သက်လို့ တိုးတက်မှု တချို့ရှိတယ်လို့ ယူကရိန်း သံတမန် သတင်းရင်းမြစ်က ပြောပါတယ်။

နှစ်ဖက်စလုံးမှာ အဓိပ္ပါယ် ပြည်ဝတဲ့ အခြေအနေတိုးတက်မှုတွေ ရှိကြောင်းနဲ့ ငြိမ်းချမ်းရေး သဘောတူညီမှုဆီသို့ အတူတကွ လျှောက်လှမ်းဖို့ သဘောတူထားကြကြောင်း အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိ အမျိုးသမီး ကယ်ရိုလင်း လီဗစ်က ဖေဖော်ဝါရီ ၁၈ ရက် ညနေပိုင်းက ပြောပါတယ်။

ဒါပေမဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု မရယူနိုင်ဘဲ နယ်မြေတွေ ကိစ္စနဲ့ ပတ်သက်လို့ သဘောတူညီမှုက ရယူဖို့ ခက်ခဲနေဆဲ ဖြစ်ပြီး မော်စကိုနဲ့ ကိဗ်ရဲ့ သဘောထားရပ်တည်ချက်တွေ အလှမ်းကွာဝေးနေဆဲ ဖြစ်ပါတယ်။

ရုရှားက ယူကရိန်း အရှေ့ပိုင်း ဒွန်ဘတ်စ်ဒေသ တစ်ခုလုံးကို ပေးအပ်ဖို့ တောင်းဆိုထားပြီး ယူကရိန်းက လုံးဝ ခွင့်မပြုနိုင်တဲ့ တောင်းဆိုမှု ဖြစ်တယ်လို့ ပြောထားပါတယ်။

ညှိနှိုင်းမှုတွေမှာ စိန်ခေါ်မှုတွေ ရှိနေတယ်ဆိုတာကို ဝန်ခံပြီးတော့ ကရင်မလင် နန်းတော် ညှိနှိုင်းရေးမှူး မီဒင်စကီးက ညှိနှိုင်းမှုတွေဟာ စီးပွားရေး ဆန်တယ်လို့ ပြောကြားပြီး နောက်တစ်ကျော့ ဆွေးနွေးမှုတွေ မကြာခင် ပြုလုပ်သွားမယ်လို့ ပြောထားပါတယ်။

နှစ်ဖက် သဘောထား ကွဲလွဲမှုတွေကြောင့် ညှိနှိုင်းမှုတွေ မလွယ်ကူဘူးလို့ သမ္မတ ဇီလန်စကီးကလည်း ပြောဆိုပါတယ်။

ဆွေးနွေးမှုတွေ အဆုံးသတ်ကြောင်း မကြေညာခင် ဇီလန်စကီးက နောက်ဆုံးအဆင့် ရောက်ရှိနှင့်နေပြီ ဖြစ်တဲ့ ဆွေးနွေးပွဲတွေ ကြာရှည်အောင် ရုရှားက လုပ်ဆောင်နေတယ်လို့ ပြောကြားခဲ့ပါတယ်။

ရုရှားနဲ့ ယူကရိန်း ကိုယ်စားလှယ်အဖွဲ့တို့ဟာ ဖေဖော်ဝါရီ လဆန်းပိုင်းက အဘူဒါဘီမှာ တွေ့ဆုံခဲ့ကြပြီး ဖြစ်ပါတယ်။

အဲဒီ ဆွေးနွေးပြီးနောက် လများစွာအတွင်း ပထမဆုံးအကြိမ် အကျဉ်းသား လဲလှယ်ရေး သဘောတူညီမှု ရရှိခဲ့ပါတယ်။

ဇီလန်စကီးက နောက်တစ်ကြိမ် အကျဉ်းသား လဲလှယ်မှု မကြာခင် ထွက်ပေါ်လာဖို့ ရှိတယ်လို့ ဖေဖော်ဝါရီ ၁၈ ရက်မှာ ပြောထားပါတယ်။

စစ်ပွဲ အဆုံးသတ်ရေး သံတမန်ရေး တွန်းအားပေးမှုကို ဦးဆောင်နေတဲ့ အမေရိကန် သမ္မတ ဒေါ်နယ် ထရန့်က နှစ်နိုင်ငံကြား လိပ်ခဲတည်းလည်း အခြေအနေ ကြုံတွေ့နေမှုကို သည်းမခံနိုင်တော့ကြောင်း ဖော်ပြထားပါတယ်။

Ref:BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.