ဆန်ဖန်ဆစ္စကို၊ ဖေဖော်ဝါရီ ၁၉
သူဌေးကြီး အီလွန်မက်စ်က ရုရှား တပ်ဖွဲ့တွေအတွက် သူ့ရဲ့ Starlink အင်တာနက်လိုင်း အသုံးပြုခွင့်ကို တားမြစ်လိုက်တာကြောင့် ရုရှား စစ်သားတွေကြား ရှုပ်ထွေးမှုတွေ ဖြစ်ပေါ်နေပြီး ရှေ့တန်း စစ်မျက်နှာမှာ ယူကရိန်း တပ်ဖွဲ့တွေအတွက် အားသာချက် ဖြစ်လာစေခဲ့ ပါတယ်။
ဒါပေမဲ့ ရုရှားတပ်တွေအတွက် အဲဒီလို အင်တာနက်လိုင်း ဖြတ်တောက်မှု ဘယ်လောက် ရှည်ကြာမှာလဲ ဆိုတာကို မသိရသေးပါဘူး။
အဲဒီလို ရုရှားတပ်တွေ အင်တာနက်လိုင်း သုံးမရတဲ့ ကာလအတွင်း ယူကရိန်း တပ်ဖွဲ့တွေ ဘာတွေ စွမ်းဆောင်နိုင်မလဲဆိုတာကတော့ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။
ရုရှားတပ်ဖွဲ့တွေ အင်တာနက်လိုင်း အသုံးပြုလို့မရတော့တာကြောင့် သူတို့ရဲ့ ထိုးစစ် ၆၀ ရာခိုင်နှုန်းလောက်အထိ လျော့နည်းသွားတယ်လို့ ယူကရိန်း စစ်တပ် ဒရုန်း ထိန်းချုပ်ရေးမှူး တစ်ဦးက ပြောပါတယ်။
ကမ္ဘာကျော် သူဌေးကြီး အီလွန်မက်စ်ရဲ့ ဂြိုဟ်တု အင်တာနက်လိုင်းကို ရုရှားတပ်တွေ အသုံးပြုလို့မရတော့တာကြောင့် သူတို့ရဲ့ ဒရုန်း ပျံသန်းမှုတွေနဲ့အတူ တိုက်ခိုက်မှုတွေလည်း လျော့နည်းသွားတယ်လို့ သိရပါတယ်။
ရုရှား တပ်တွေရဲ့ Starlink အင်တာနက်လိုင်း အသုံးပြုခွင့်ကို တားမြစ်ပေးရေး အီလွန်မက်စ်ရဲ့ SpaceX ကုမ္ပဏီကို ယူကရိန်း ကာကွယ်ရေးဝန်ကြီး မီခေလ်လို ဖိဒိုရော့ဗက် တောင်းဆိုခဲ့ပြီးနောက် အခုလအတွင်း ရုရှားတပ်တွေ အခုလို အင်တာနက်လိုင်း သုံးလို့ မရဖြစ်နေတာ ဖြစ်ပါတယ်။
ဒါပေမဲ့ သက်ရောက်မှု အတိုင်းအတာကို အကဲဖြတ်ဖို့ အချိန် စောနေသေးတယ်လို့ ယူကရိန်း စစ်ဖက်က ပြောပါတယ်။
ဒါပေမဲ့ ရှည်လျားတဲ့ ရှေ့တန်း စစ်မျက်နှာတလျှောက် တချို့ ဒေသတွေမှာ ရုရှားတပ်တွေ တပ်ပြန်ဆုတ်နေရတယ်လို့ သိရပါတယ်။
ရုရှားတပ်တွေက Starlink အင်တာနက်ကို သုံးပြီး တိကျတဲ့ တိုက်ခိုက်မှုတွေ အများကြီး ပြုလုပ်နေတာကြောင့် ယူကရိန်း ကာကွယ်ရေးဝန်ကြီးက တားမြစ်ပေးဖို့ တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။
လေးနှစ်ကြာ စစ်ပွဲအတွင်း SpaceX ရဲ့ ဂြိုဟ်တု အင်တာနက်လိုင်းဟာ နှစ်နိုင်ငံ စစ်တပ်အတွက် အရမ်း အရေးပါတဲ့ ဆက်သွယ်မှု ဖြစ်ပါတယ်။
ဒါပေမဲ့ ဖေဖော်ဝါရီ ၁ ရက်ကစပြီး ယူကရိန်း ကာကွယ်ရေးဝန်ကြီးဌာနက သတ်မှတ်ထားတဲ့ နေရာတွေကလွဲပြီး အခြားနေရာတွေဆီ အင်တာနက်လိုင်း ပေးပို့မှုကို အဲဒီ ကုမ္ပဏီက ပိတ်ထားခဲ့ပါတယ်။
နိုင်ငံတဝှမ်း ပုဂ္ဂလိက အသုံးပြုသူတွေအနေနဲ့ သူတို့ရဲ့ ကိုယ်ပိုင် မှတ်ပုံတင်နံပါတ်တွေနဲ့ ပြန်လည် မှတ်ပုံတင်ကြရမှာ ဖြစ်ပါတယ်။
ရုရှား အရာရှိတွေက အင်တာနက်လိုင်း အသုံးပြုခွင့်ရရေး ယူကရိန်း နိုင်ငံသားတွေကို သူတို့အစား မှတ်ပုံတင်ပေးရေး လာဘ်ထိုးပြီး စေခိုင်းနေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
ရုရှား စစ်တပ်က အခုအချိန်မှာ ကြိုးနဲ့သုံးရတဲ့ အင်တာနက် လိုင်းတွေကို အရေးပေါ် ချိတ်ဆက် အသုံးပြုနေကြတယ်လို့ သိရပါတယ်။
အခုအချိန်မှာတော့ ရုရှားတပ်ဖွဲ့တွေဟာ အရင်ကလို ဒရုန်းတွေနဲ့ အင်အား အလုံးအရင်းသုံးပြီး မတိုက်ခိုက်နိုင်တော့ဘူးလို့ ယူကရိန်း စစ်ဖက်ဆိုင်ရာ သတင်းရင်းမြစ်တွေက ပြောဆိုထားပါတယ်။
Ref:BBC

