ဖူးခက် ၊ ဖေဖော်ဝါရီ ၁၇
မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေး ဆောင်ကျဉ်းပေးရေးအတွက် တောင်းဆိုလာရင် နှစ်နိုင်ငံ နယ်စပ်တလျှောက်ရှိ မြန်မာ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ပြည်တွင်းအဆင့် ဆက်သွယ်မှုတွေ အထမြောက်စေရေး ကူညီပေးဖို့ အသင့်ရှိကြောင်း ထိုင်း နိုင်ငံခြားရေးဝန်ကြီး ဆီဟာဆက်က ဖေဖော်ဝါရီ ၁၈ ရက်မှာ ပြောလိုက်ပါတယ်။
မြန်မာအနေနဲ့ ပြည်တွင်း ဆွေးနွေးမှုတွေ ပထမဆုံး အစပြုရမှာ ဖြစ်တာကြောင့် ထိုင်းက နှစ်ဖက် ဆွေးနွေးလာစေရေး ထိုင်းက စည်းရုံးဖို့ ကြိုးပမ်းနေတာ မဟုတ်ဘူးလို့ ဆီဟာဆက်က ပြောကြောင်း Thai PBS သတင်းမှာ ဖော်ပြထားပါတယ်။
မြန်မာ ငြိမ်းချမ်းရေးဟာ ပြည်တွင်းရင်ကြားစေ့မှုကနေ ထွက်ပေါ်လာရမှာ ဖြစ်တယ်လို့ သူက ဖြည့်စွက် ပြောပါတယ်။
ဖူးခက်မှာ စစ်ကော်မရှင် နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနဲ့ အလွတ်သဘော တွေ့ဆုံချိန်မှာ ဝန်ကြီး ဆီဟာဆက်က အခုလိုမျိုး ပြောဆိုခဲ့တာပါ။
မြန်မာနိုင်ငံမှာ မကြာသေးခင်က ရွေးကောက်ပွဲကို ချောမွေ့စွာ ကျင်းပနိုင်ခဲ့ပြီး သင်္ကြန် မတိုင်ခင် အစိုးရ အသစ် တစ်ရပ် ဖွဲ့စည်းနိုင်ဖို့ မျှော်လင့်ထားကြောင်း ဦးသန်းဆွေက ပြောကြားခဲ့တယ်လို့ ဆီဟာဆက်က ဆိုတာပါ။
လွှတ်တော် ဖွဲ့စည်းပြီး သမ္မတ၊ ဝန်ကြီးချုပ်နဲ့ ကာကွယ်ရေးဦးစီးချုပ် အပါအဝင် အရေးကြီးတဲ့ ရာထူးတွေ ခန့်အပ်ပြီးနောက် မြန်မာနိုင်ငံမှာ အစိုးရ အဖွဲ့သစ် ဖွဲ့စည်းဖို့ဆောင်ရွက်နေတယ်လို့ ထိုင်း နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။
နောင်တက်လာမယ့် အစိုးရဟာ တည်ငြိမ်မှု ပြန်လည် ရရှိရေး ရည်ရွယ်ပြီး အမျိုးသား ရင်ကြားစေ့ရေး ကြိုးပမ်းမှာ ဖြစ်ကြောင်း၊ အစိုးရ အဖွဲ့သစ်က တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ဒီမိုကရေစီလိုလားတဲ့ အစုအဖွဲ့တွေ အပါအဝင် အတိုက်အခံ အုပ်စုတွေနဲ့ ဆွေးနွေးဖို့ လမ်းဖွင့်ထားတယ်လို့လည်း ဆီဟာဆက်က ပြောဆိုပါတယ်။
ဆွေးနွေးမှုတွေ စတင်တာ၊ အရပ်သားတွေကို အကြမ်းဖက် တိုက်ခိုက်မှုတွေ လျှော့ချ ကန့်သတ်တာမျိုးလို ခိုင်မာတဲ့ လုပ်ရပ်တွေက မြန်မာကို အာဆီယံနဲ့ ပြန်လည် အဆင်ပြေဖို့ အထောက်အကူဖြစ်လာစေလိမ့်မယ်လို့ ထိုင်းဘက်က ဆိုတာပါ။
မြန်မာနိုင်ငံမှာ ရေရှည်တည်တန့်တဲ့ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှုကို ထိုင်းအစိုးရက မြင်တွေ့လိုကြောင်းနဲ့ အဲဒီလို ဖြစ်လာရင် ထိုင်း နိုင်ငံတော်လုံခြုံရေးအတွက်လည်း အကျိုးများမှာ ဖြစ်သလို နှစ်နိုင်ငံ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု အတွက်လည်း အဆင်ပြေလာစေမှာ ဖြစ်တယ်လို့ ဝန်ကြီး ဆီဟာဆက်က ပြောပါတယ်။
စစ်ကော်မရှင်အနေနဲ့ အာဆီယံနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းက ဖော်ပြထားတဲ့ စိုးရိမ်မှုတွေကို တုံ့ပြန် ဖြေရှင်းဖို့လည်း ထိုင်းဘက်က တိုက်တွန်းပါတယ်။
ရွေးကောက်ပွဲ အလွန်မှာ မြန်မာကို အာဆီယံ မိသားစုနဲ့ ပြန်လည် ပေါင်းစည်းရေး ထိုင်းနိုင်ငံက ပေါင်းကူးတံတားအနေနဲ့ ဆက်သွယ် ကူညီပေးဖို့ အသင့်ပြင်ထားတယ်လို့လည်း ဆီဟာဆက်က ပြောပါတယ်။
ထိုင်းရဲ့ မူဝါဒက အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်နဲ့အညီ မြန်မာနဲ့ အာဆီယံကြား တိုက်ရိုက်စေ့စပ်မှု ပြန်လည် ရှင်သန်လာစေရေး ဖြစ်တယ်လို့ ဆီဟာဆက်က ဆိုပါတယ်။
ထိုင်းက မြန်မာနိုင်ငံမှာ ဆွေးနွေးမှုတွေ စတင်နိုင်ရေး တတ်နိုင်တဲ့ နည်းလမ်း မှန်သမျှနဲ့ ကူညီပေးဖို့ အသင့်ရှိပေမယ့် ဘယ်အကြောင်းအရာကို ဆွေးနွေးပါဆိုပြီး တိုက်တွန်းမှာ မဟုတ်ကြောင်းလည်း ထိုင်း နိုင်ငံခြားရေးဝန်ကြီးက ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
Ref:Bangkokpost/ThaiPBS

