ဂျီနီဗာ၊ ဖေဖော်ဝါရီ ၁၈
အမေရိကန် ကြားဝင်စေ့စပ်ပေးမှုနဲ့ ဂျီနီဗာမှာ နှစ်ရက်ကျင်းပမယ့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲအတွက် ယူကရိန်းနဲ့ ရုရှားတို့ ပထမအကြိမ် ဆွေးနွေးမှု ဖေဖော်ဝါရီ ၁၇ ရက်မှာ ပြီးစီးခဲ့ပါတယ်။
လေးနှစ်ကြာ စစ်ပွဲ အဆုံးသတ်ရေး သဘောညီမှု တစ်ရပ် မြန်မြန် ရယူဖို့ အမေရိကန် သမ္မတ ဒေါ်နယ် ထရန့်က ယူကရိန်းကို ဖိအားပေးနေပါတယ်။
ဆွစ်ဇာလန်မှာ ညှိနှိုင်းမှုတွေမတိုင်ခင် ရုရှားက ယူကရိန်းနိုင်ငံတဝှမ်း ဒေသများစွာကို ညအချိန် လေကြောင်း တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။
ရုရှားရဲ့ တိုက်ခိုက်မှုတွေကြောင့် တောင်ပိုင်း ဆိပ်ကမ်းမြို့ အိုဒက်ဆာရှိ ဓာတ်အားပေး ကွန်ရက် ဆိုးဆိုးရွားရွား ထိခိုက် ပျက်စီးခဲ့တယ်လို့ ယူကရိန်း အရာရှိတွေက ပြောပါတယ်။
ရုရှားရဲ့ တိုက်ခိုက်မှုတွေကြောင့် လူထောင်ပေါင်းများစွာဟာ အပူပေးစနစ် သုံးမရသလို လျှပ်စစ် ဓာတ်အား မရဖြစ်နေတယ်လို့ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ဆိုပါတယ်။
စစ်ပွဲ အဆုံးသတ်ရေး တန်ဖိုးရှိတဲ့ သဘောတူညီမှု ရရှိရေး မိမိတို့ အလျင်အမြန် လုပ်ဆောင်နေကြောင််း၊ ဂျီနီဗာရှိ ညှိနှိုင်းရေး အဖွဲ့ဆီက သတင်းစကားကို စောင့်ဆိုင်းနေကြောင်း သမ္မတ ဇီလန်စကီးက ပြောပါတယ်။
ရုရှားအနေနဲ့ ဘာလိုချင်သလဲ ဆိုတာကို မိမိတို့ သိရှိလိုကြောင်းလည်း သူက မေးခွန်း ထုတ်ထားပါတယ်။
လက်တွေ့ကျတဲ့ ကိစ္စရပ်တွေနဲ့ ဖြစ်နိုင်ခြေရှိတဲ့ ဆုံးဖြတ်ချက်တွေအတွက် ယန္တရားတွေ အပေါ် အဓိကထား ဆွေးနွေးခဲ့တယ်လို့ ယူကရိန်း ညှိနှိုင်းရေး အဖွဲ့ ခေါင်းဆောင် ယူစတန် အူမာရော့ဗ်က ပြောပေမယ့် အသေးစိတ်ကိုတော့ မပြောပါဘူး။
ဖေဖော်ဝါရီ ၁၈ ရက်မှာ နောက်ဆုံးနေ့အဖြစ် ဆွေးနွေးမှုတွေ ပြန်လည် စတင်မှာ ဖြစ်ကြောင်း သူက ဖြည့်စွက် ပြောပါတယ်။
အဲဒီ ဆွေးနွေးမှုများနဲ့ ပတ်သက်လို့ ရုရှား အရာရှိတွေက မှတ်ချက် မပေးပါဘူး။
ဆွေးနွေးမှုတွေ အချေအတင်ရှိပြီး နှစ်နိုင်ငံကြား၊သုံးနိုင်ငံကြား ဆွေးနွေးမှုတွေ ၆ နာရီ အထိ ကြာမြင့်ခဲ့ကြောင်း ရုရှား မီဒီယာတွေက သတင်းရင်းမြစ်တွေကို ကိုးကားပြီး ဖော်ပြထားပါတယ်။
အမေရိကန် ကြားဝင်ညှိနှိုင်းမှုနဲ့ အဘူဒါဘီမှာ ဆွေးနွေးမှု နှစ်ကြိမ် ပြုလုပ်ခဲ့ပြီးနောက် ဂျီနီဗာမှာ ဆွေးနွေးမှု ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။
အရင်ဆွေးနွေးမှုဟာလည်း သဘောတူညီမှု မရဘဲ အဆုံးသတ်ခဲ့ရသလို ယူကရိန်း အရှေ့ပိုင်း နယ်မြေတွေ ကိစ္စရပ်တွေကို နှစ်ဖက် သဘောတူညီမှု ရယူဖို့ ခက်ခဲနေပါတယ်။
ဇီလန်စကီးက လိုက်လျောခွင့်ပြုမှုတွေ လုပ်ဖို့ မိမိတို့ ဖိအားပေးခံနေရတယ်လို့ ပြောထားပေမယ့် ဒေါ်နယ် ထရန့်က ဥရောပရဲ့ အကြီးမားဆုံး စစ်ပွဲ အဆုံးသတ်ရေး ရုရှားကိုရော ယူကရိန်းကိုပါ ဖိအားပေးနေတာပါ။
ရုရှားက ယူကရိန်းကို ကျူးကျော်မှုဟာ ၁၉၄၅ ခုနှစ်နောက်ပိုင်း ဥရောပရဲ့ အကြီးမားဆုံး စစ်ပွဲ ဖြစ်ပါတယ်။
ယူကရိန်း ကိုယ်စားလှယ်အဖွဲ့ကတော့ ယုံကြည်မှု လွန်လွန်ကဲကဲ မထားရှိဘဲ ဆွေးနွေးနေတယ်လို့သာ ပြောထားပါတယ်။
စစ်ပွဲ အဆုံးသတ်ရေး နှစ်ဖက် ဆွေးနွေးနေချိန်မှာပဲ အပြန်အလှန် တိုက်ခိုက်မှုတွေ နေ့တိုင်းနီးပါး ဖြစ်ပွားနေပါတယ်။
Ref:Reuters

