ဘန်ကောက်၊ ဖေဖော်ဝါရီ ၁၈

ဘန်ကောက်ရှိ နေရာ ၁ နေရာ အပါအဝင် နေရာ ၈ နေရာမှာ မဲပြန်လည်ရေတွက်ဖို့နဲ့ ဖာယာအိုဒေသမှာ ရွေးကောက်ပွဲ အသစ်ကျင်းပရေး ထိုင်းရွေးကောက်ပွဲ ကော်မရှင်က ညွှန်ကြားလိုက်ပါတယ်။

ဖေဖော်ဝါရီ ၁၇ ရက် ညက ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဘန်ကောက်မြို့ ကန်နာယာအို ဒေသရှိ ကန်နာယာအို ဒေသခွဲ နံပါတ် (၁၀) မဲရုံမှာ ဖွဲ့စည်းပုံဆိုင်ရာ လူထုဆန္ဒခံယူပွဲမဲတွေပြန်လည် ရေတွက်ဖို့ ညွှန်ကြားထားပါတယ်။

အဲဒီ မဲရုံမှာ ဖေဖော်ဝါရီ ၂၂ ရက် မနက် ၁၀ နာရီမှာ မဲပြန်လည် ရေတွက်မှုတွေ စတင်ပြုလုပ်သွားမှာ ဖြစ်ကြောင်း ထိုင်းရွေးကောက်ပွဲ ကော်မရှင်က ပြောပါတယ်။

ဖေဖော်ဝါရီ ၈ ရက်က လွှတ်တော်အမတ် ကိုယ်စားလှယ်လောင်းတွေအတွက် မဲရေတွက်မှုကို ပြည်နယ် ၄ ခုရှိ တခြားနေရာ ၇ ခုမှာ ပြုလုပ်သွားမှာ ဖြစ်ကြောင်း သိရပါတယ်။

မဲပြန်လည်ရေတွက်မယ့် တည်နေရာတွေနဲ့ မဲရုံ နံပါတ်တွေကို ရွေးကောက်ပွဲ ကော်မရှင်ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

မဲဆန္ဒနယ်နဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေအတွက် ဖာယာအိုပြည်နယ် မူအန်း ဒေသ မဲဆန္ဒနယ် (၁) မဲရုံ အမှတ် (၆) မှာ ရွေးကောက်ပွဲ အသစ် ပြန်လည် ကျင်းပသွားမှာ ဖြစ်ပါတယ်။

လွှတ်တော် ကိုယ်စားလှယ်လောင်းတွေအတွက် မဲပြန်လည် ရေတွက်မှုနဲ့ ရွေးကောက်ပွဲ အသစ် ကျင်းပမယ့်နေရာနဲ့ အချိန်ကို နောက်ပိုင်းမှာ ကြေညာပေးသွားမယ်လို့ ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ပါတယ်။

ရွေးကောက်ပွဲ ကော်မရှင်က နေရာ ၃ နေရာမှာ ရွေးကောက်ပွဲ အသစ်ကျင်းပဖို့ ကနဦး ဆုံးဖြတ်ထားခဲ့တာ ဖြစ်ပါတယ်။

ဖေဖော်ဝါရီ ၈ ရက်တုန်းက အထွေထွေ ရွေးကောက်ပွဲကို မဲရုံပေါင်း ၈၈၄၈၇ ရုံမှာ ကျင်းပခဲ့တာ ဖြစ်ပါတယ်။

တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ရွေးကောက်ပွဲ အသစ်ကျင်းပပေးရေးနဲ့ ရွေးကောက်ပွဲရလဒ်ကို ပယ်ဖျက်ရေး ဖိအားပေးဖို့ ဥပဒေအရ စိန်ခေါ်ဖို့ လုပ်ဆောင်နေတာ အပါအဝင် ရွေးကောက်ပွဲ ကော်မရှင်ဟာ မဲများ ရေတွက်ပုံနဲ့ပတ်သက်လို့ တိုင်ကြားမှု အများအပြားနဲ့ ရင်ဆိုင်နေရပါတယ်။

နိုင်ငံတဝှမ်း မူမမှန်မှုတွေနဲ့ ပတ်သက်လို့ မဲပေးသူတွေနဲ့ နိုင်ငံရေး ပါတီတွေက သာဓကများစွာကို တင်ပြထားပါတယ်။

မဲစာရွက်တွေကို တလွဲ ကိုင်တွယ် ရေတွက်ပုံ၊ စုစုပေါင်း မဲရေတွက်မှုမှာ မဲပုံးတွေ ခြားနားမှုတွေရှိနေတာ၊ ရွေးကောက်ပွဲ အရာရှိတွေက အွန်လိုင်းမှာ အချိန်နဲ့ တပြေးညီ ဖော်ပြတာတွေ၊ မရိုးသားတဲ့ အပြုအမူတွေနဲ့ ပတ်သက်လို့ တိုင်ကြားမှုတွေ အများကြီး ရှိနေပါတယ်။

မဲရုံ တော်တော်များများမှာ မှတ်တမ်းတင်ထားတဲ့ မဲပေးသူ အနေအတွက်နဲ့ မဲအရေအတွက်ကြား ခြားနားမှုတွေ ရှိနေတာတွေကြောင့် မဲရလဒ်ကို တရားဝင် အသိအမှတ်ပြုဖို့ ကြန့်ကြာမှုတွေ ရှိခဲ့ပါတယ်။

ဖေဖော်ဝါရီ ၈ ရက် ရွေးကောက်ပွဲပြီးနောက် တစ်ရက် နောက်ပိုင်း စုစုပေါင်းမဲ ၉၄ ရာခိုင်နှုန်း ရေတွက်ပြီးချိန်မှာ အလွတ်သဘော ရေတွက်မှုတွေ ရပ်ဆိုင်းခဲ့ရပါတယ်။

ရလဒ်ကို အသိအမှတ်ပြုဖို့အတွက် မဲအနည်းဆုံး ၉၅ ရာခိုင်နှုန်း လိုအပ်တာ ဖြစ်ပါတယ်။

နိုင်ငံတဝှမ်း ပါတီတွေက ဖော်ပြထားတဲ့ မဲအရေအတွက်နဲ့ မဲဆန္ဒနယ် မဲအရေအတွက်ကြား ၆၆၀၀၀ ကျော် ကွာခြားမှုရှိကြောင်း ရွေးကောက်ပွဲ ကော်မရှင်ရဲ့ တရားဝင် မဟုတ်တဲ့ ရလဒ် ဖော်ပြမှု ဝက်ဘ်ဆိုက်ရဲ့ မဲအရေအတွက်အရ သိရပါတယ်။

ရွေးကောက်ပွဲ စနစ်အရ မဲပေးသူ တစ်ယောက်စီတိုင်းဟာ ဖွဲ့စည်းပုံ ပြင်ဆင်ရေး လူထုဆန္ဒခံယူပွဲအတွက် မဲတစ်မဲ၊ ပါတီ ကိုယ်စားလှယ်အတွက် မဲတစ်မဲ စုစုပေါင်း မဲနှစ်မဲစီ ရှိရမှာ ဖြစ်ပါတယ်။

ဒီလို မဲတွေကို ခွဲခြားရေတွက်ရာမှာ ခြားနားမှုတွေ ရှိနေတာကြောင့် မဲပေးသူတွေကရော နိုင်ငံရေး ပါတီတွေကပါ မေးခွန်းထုတ်နေကြပါတယ်။

Ref:Bangkokpost

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.