ဂျီနီဗာ၊ ဖေဖော်ဝါရီ ၁၈
ဂျီနီဗာမှာ ဒုတိယမြောက်နေ့ ဆွေးနွေးဖို့ ရုရှားနဲ့ ယူကရိန်းတို့ ကြိုတင်ပြင်ဆင်နေချိန် စစ်ပွဲ အဆုံးသတ်ရေး နှစ်ဖက်ကြား ဆွေးနွေးမှုတွေ၊ အဓိပ္ပါယ်ပြည့်ဝတဲ့ အခြေအနေတိုးတက်မှုတွေရှိကြောင်း အမေရိကန် အထူးကိုယ်စားလှယ် စတိဗ် ဝစ်ကော့ဖ်က ပြောလိုက်ပါတယ်။
ဖေဖော်ဝါရီ ၁၇ ရက်က ပထမဆုံး ဆွေးနွေးခဲ့ပြီးနောက် အခြေအနေ တိုးတက်မှုတွေ ရှိပေမယ့် သဘောတူညီမှုရရှိရေး မျှော်လင့်ချက် နည်းပါးနေဆဲ ဖြစ်ကြောင်း သိရပါတယ်။
အမေရိကန် သမ္မတ ဒေါ်နယ် ထရန့်က မိမိတို့ကိုပဲ လိုက်လျောခွင့်ပြုမှုတွေ လုပ်ဖို့ ပြောဆိုနေတာဟာ မျှတမှု မရှိဘူးလို့ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ပြောပါတယ်။
တကယ်လို့ ရုရှားကို အနိုင်ပေးလိုက်မယ်ဆိုရင် ငြိမ်းချမ်းရေး ရရှိနိုင်မှာ မဟုတ်ဘူးလို့လည်း ဇီလန်စကီးက ထပ်လောင်း ပြောဆိုပါတယ်။
ဆွစ်ဇာလန်မှာ ဆွေးနွေးမှုတွေ အောင်မြင်ဖို့ဆိုတာ ယူကရိန်းအပေါ်မှာပဲ မူတည်နေတယ်လို့ ထရန့်က ပြောပေမယ့် ရုရှား အကြောင်းကိုတော့ ထည့်ပြောထားတာ မတွေ့ရပါဘူး။
ကရင်မလင် နန်းတော်ကတော့ ယူကရိန်း နယ်မြေတွေနဲ့ ပတ်သက်လို့ သူတို့ရဲ့ တောင်းဆိုမှုတွေကို တစ်ပြားသားမှ လျှော့မပေးသေးပါဘူး။
ဇီလန်စကီးက ယူကရိန်းဟာ ရုရှားနဲ့ နှိုင်းယှဉ်ရင် ကျိုးကြောင်းဆီလျော်မှုတွေ မရှိတဲ့ လိုက်လျောခွင့်ပြုမှုတွေ ပြုလုပ်ပေးဖို့ အမြဲ တောင်းဆိုခံနေရတယ်လို့ ပြောပါတယ်။
အရှေ့ပိုင်း ဒွန်ဘတ်စ်ဒေသရဲ့ အစိတ်အပိုင်းတွေ အများအကြီး အပါအဝင် ယူကရိန်း နယ်မြေ ၂၀ ရာခိုင်နှုန်းလောက်ကို ရုရှားက သိမ်းပိုက်ထားတာပါ။
ကရင်မလင်က အဲဒီ ဒေသတစ်ခုလုံးကို သူတို့ဆီ လွှဲအပ်ဖို့ တောင်းဆိုထားပြီး ယူကရိန်းက ဒါဟာ မဖြစ်နိုင်တဲ့ တောင်းဆိုမှု ဖြစ်တယ်လို့ တုံ့ပြန်ထားပါတယ်။
ရုရှားနဲ့ ဖြေရှင်းမှု တစ်ခုခု မလုပ်ခင် အမေရိကန် အပါအဝင် အနောက်တိုင်းက ယူကရိန်း အတွက် လုံခြုံရေး အာမခံချက် ပေးရမယ်လို့ ဇီလန်စကီးက ပြောထားပါတယ်။
မော်စကိုနဲ့ အမေရိကန်ရဲ့ အဆိုပြုချက်တွေအတိုင်း ယူကရိန်းက တိုက်ခိုက်မှုတွေ အားလုံး ရပ်ဆိုင်းထားဖို့ အဆင်သင့်ရှိတယ်လို့ ဇီလန်စကီးက ဆိုတာပါ။
ယူကရိန်းဟာ မိမိတို့ လွတ်လပ်ရေးနဲ့ မိမိတို့ နိုင်ငံကို ကာကွယ်နေတာ ဖြစ်ပြီး စစ်ပွဲကို မလိုအပ်ဘူးကြောင်း၊ ဒါပေမဲ့ ရုရှားအနေနဲ့ ဘာအလိုရှိသလဲဆိုတာကို မေးခွန်း ထုတ်လိုကြောင်း ဇီလန်စကီးက ပြောပါတယ်။
အခုဆွေးနွေးမှုတွေဟာ ယူကရိန်း၊ ရုရှား၊ အမေရိကန်တို့ကြား တတိယအကျော့ ဆွေးနွေးမှုတွေ ဖြစ်ပါတယ်။
Ref:BBC

