ဝါရှင်တန်၊ ဖေဖော်ဝါရီ ၁၄
အီရန် အစိုးရ အပြောင်းအလဲက အကောင်းဆုံးပဲ ဖြစ်လိမ့်မှာ ဖြစ်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ် ထရန့်က ဖေဖော်ဝါရီ ၁၃ ရက်က ပြောလိုက်ပါတယ်။
အီရန်အပေါ် ဖိအားပေးရေး အရှေ့အလယ်ပိုင်း ဒေသဆီ အမေရိကန်ရဲ့ ဒုတိယမြောက် လေယာဉ်တင်သင်္ဘော ဝင်ရောက်လာချိန်မှာ ဒေါ်နယ်ထရန့်က အခုလိုမျိုး ပြောကြားလာတာ ဖြစ်ပါတယ်။
အမေရိကန်က လေယာဉ်တင်သင်္ဘောနဲ့ ဖျက်သင်္ဘောတွေ ချထားပြီးနောက် နောက်ထပ် လေယာဉ်တင် သင်္ဘော တစ်စီး စေလွှတ်ပြီး သီတင်းပတ်များစွာကြာ စစ်ဆင်ရေး တစ်ရပ် စတင်လာနိုင်တယ်လို့ လေ့လာသူတွေက ပြောပါတယ်။
တချိန်တည်းမှာပဲ ၁၉၇၉ အစ္စလာမ်မစ် တော်လှန်ရေးအတွင်း ဖြုတ်ချခံခဲ့ရတဲ့ ရှားဘုရင်ရဲ့သားတော်က အီရန်မှာ နိုင်ငံတကာ ကြားဝင်ဖြေရှင်းပေးရေး တိုက်တွန်းထားပါတယ်။
အီရန် အစိုးရ အပြောင်းအလဲ ဖြစ်တာက အကောင်းဆုံး ကိစ္စ ဖြစ်လိမ့်မယ်လို့ ထရန့်က သတင်းထောက်တွေကို ပြောတာပါ။
အီရန် ထိပ်တန်းခေါင်းဆောင် အယာတိုလာ အလီခါမေနီရဲ့ နေရာမှာ ဘယ်သူ အစားထိုး ဝင်ရောက်မလဲ ဆိုတာနဲ့ ပတ်သက်လို့ ထရန့်က အသေးစိတ် မပြောပေမယ့် သူ့နေရာကို အစားထိုးယူနိုင်သူတွေ ရှိတယ်လို့ ပြောပါတယ်။
အီရန်ကို ဖိအား ပိုပေးရေး ကမ္ဘာအကြီးမားဆုံး လေယာဉ်တင်သင်္ဘော ယူအက်စ်အက်စ် ဂျာရက်အာဖို့ဒ် အရှေ့အလယ်ပိုင်း ဒေသသို့ ထွက်ခွာပြီ ဖြစ်ကြောင်း ထရန့် ဆိုပါတယ်။
အဲဒီ သင်္ဘောကြီးဟာ အမေရိကန်က ဗင်နီဇွဲလား သမ္မတ နီကိုလာ့စ် မာဒူရိုကို ဖမ်းဆီးပြီးနောက် ကာရေဘီယံ ပင်လယ်မှာ ရှိနေတာ ဖြစ်ပြီး အရှေ့အလယ်ပိုင်းသို့ ချထားလိုက်ပြီ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့လက အီရန် နိုင်ငံတဝှမ်း အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြသူတွေကို အာဏာပိုင်တွေက အင်အားသုံး နှိမ်နှင်းခဲ့ပြီး လူထောင်ချီ သေဆုံးခဲ့တယ်လို့ လူ့အခွင့်အရေး အဖွဲ့တွေက ပြောပါတယ်။
ဆန္ဒပြသူတွေကို ကူညီရေး အီရန် အစိုးရကို ဖိအားပေးသွားမယ်လို့ ထရန့်က ပြောပါတယ်။
ဒါပေမဲ့ အီရန်နဲ့ အစ္စရေးကြား ဇူလိုင်လက ၁၂ ရက်ကြာ စစ်ပွဲ ဖြစ်ပွားမှုအတွင်း အမေရိကန်က အီရန်ရဲ့ နျူကလီးယား တည်နေရာတွေကို တိုက်ခိုက်ခဲ့ပြီးနောက် အီရန်ရဲ့ နျူကလီးယား စီမံကိန်းကို ပစ်မှတ်ထားနေပါတယ်။
လက်ရှိအချိန်အထိတော့ အီရန် ဘာသာရေးခေါင်းဆောင်ပိုင်းကို ဆန့်ကျင် ဆန္ဒပြမှုတွေ ရှိနေဆဲ ဖြစ်ပွားနေဆဲ ဖြစ်ပါတယ်။
အီရန်ရှိ နျူကလီးယား တည်နေရာတွေကို စစ်ဆေးရေး သဘောတူညီမှု ရရှိနိုင်ပေမယ့် အများကြီး ခက်ခဲနေဆဲ ဖြစ်တယ်လို့ ကုလသမဂ္ဂ နျူကလီးယား စောင့်ကြည့်ရေး အဖွဲ့က ပြောထားပါတယ်။
အမေရိကန် မဟာမိတ် အစ္စရေးက အီရန်နဲ့ သဘောတူညီမှု မယူဖို့ တွန်းအားပေးနေပေမဲ့ အီရန်နဲ့ ဆွေးနွေးမှုတွေ ဆက်လုပ်သွားမှာ ဖြစ်ကြောင်း ထရန့်က ပြောပါတယ်။
အီရန် ဆန္ဒပြပွဲတွေအတွင်း ဆန္ဒပြသူ အများစု ပါဝင်တဲ့ လူ ၇၀၀၈ ဦး သေဆုံးပြီး ၅၀၀၀ ကျော် ဖမ်းဆီးခံခဲ့ရကြောင်း လူ့အခွင့်အရေး အဖွဲ့တွေက ထုတ်ပြန်ပါတယ်။
ငွေကြေးဖောင်းပွမှုနဲ့ စီးပွားရေး အခက်အခဲကြောင့် အီရန် နိုင်ငံတဝှမ်း ဆန္ဒပြပွဲတွေ ဖြစ်ပွားချိန်မှာ လုံခြုံရေး တပ်တွေက ကျည်အစစ်နဲ့ ပစ်ခတ် နှိမ်နှင်းခဲ့တာ ဖြစ်ပါတယ်။
Ref:AFP

