မြဝတီ၊ ဖေဖော်ဝါရီ ၁၄

မြန်မာနိုင်ငံ နယ်စပ် ရွှေကုက္ကိုလ်မြို့က ကျားဖြန့်စင်တာမှာ ဖမ်းဆီးခံထားရတဲ့ ထိုင်း အမျိုးသမီး လေးဦးကို ကယ်တင်ပြီး မဲဆောက်ကနေတဆင့် ထိုင်းနိုင်ငံထံ ပြန်လည် လွှဲပြောင်းပေးထားတယ်လို့ ဒေသခံတွေက ဖေဖော်ဝါရီ ၁၃ ရက်က ပြောပါတယ်။

အဲဒီ အမျိုးသမီးတွေကို မြဝတီမြို့ကနေ မဲဆောက်သို့ ခေါ်ဆောင်လာပြီး လူကုန်ကူးမှုသားကောင်တွေ ဖြစ်နိုင်သလားဆိုတာကို ဒေသဆိုင်ရာ အာဏာပိုင်တွေက စစ်ဆေးနေတယ်လို့ သိရပါတယ်။

ခြိမ်းခြောက် အကြပ်ကိုင်မှု ရှိ၊ မရှိ အပါအဝင် သူတို့ရဲ့ မြန်မာနိုင်ငံသို့ သွားရောက်ရတဲ့ အကြောင်းအရင်းနဲ့ ဖမ်းဆီးခံရမှု အခြေအနေကို ထိုင်းအရာရှိတွေက စစ်ဆေးနေတာ ဖြစ်ပါတယ်။

တကယ်လို့ အဲဒီ အမျိုးသမီးတွေအနေနဲ့ လူကုန်ကူးခံရတာ မဟုတ်ဘူးလို့ စစ်ဆေးတွေ့ရှိခဲ့မယ်ဆိုရင် သူတို့အနေနဲ့ မြန်မာနိုင်ငံထဲကို တရားမဝင် ဝင်ရောက်မှုနဲ့ တရားစွဲခံရမှာ ဖြစ်တယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။

အဲဒီ အမျိုးသမီးတွေဟာ ကာစီနိုလုပ်ငန်းတွေနဲ့ ကျားဖြန့်လုပ်ငန်းတွေ ရှိတဲ့ ရွှေကုက္ကိုလ်မြို့ကို ပြီးခဲ့တဲ့ ဇန်နဝါရီလက သွားရောက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

ကနဦး သတင်းအချက်အလက်တွေအရ သူတို့ကို တရုတ်နိုင်ငံသား အုပ်စု တစ်စုက အွန်လိုင်းကနေ ဆက်သွယ်ကာ အလုပ်ကမ်းလှမ်းပြီးတော့ မြန်မာနိုင်ငံရဲ့ ဖျော်ဖြေရေး လုပ်ငန်း တစ်ခုမှာ အတင်းအကြပ် အလုပ်စေခိုင်းထားတာ ဖြစ်တယ်လို့ သိရပါတယ်။

သူတို့ကို မဲဆောက်မြို့သို့ ခေါ်ဆောင်လာခဲ့ပြီးနောက် ထိုင်းအာဏာပိုင်တွေက ပို့ဆောင်ရေး အစီအစဉ် အားလုံး တာဝန် ယူပေးခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ လုပ်ခလစာ ကောင်းကောင်းနဲ့ အလုပ်ရမယ်ဆိုပြီး ခေါ်ယူခံရပြီးနောက်မှာ ပြောထားတဲ့အတိုင်း အလုပ်မရခဲ့ဘူးလို့ အဲဒီ အမျိုးသမီးတွေက ပြောပါတယ်။

အဲဒီ အမျိုးသမီးတွေကို တရုတ် ရာဇဝတ်ကောင်တွေက တခြား အဖွဲ့ တစ်ဖွဲ့ဆီ ပြန်ရောင်းစားပစ်မယ်လို့ ခြိမ်းခြောက်ခဲ့ပြီး ထိုင်းနိုင်ငံသို့ ပြန်သွားချင်ရင် တစ်ယောက်စီ အတွက် ဘတ်ငွေ သုံးသိန်း ပေးရမယ်လို့ ပြောဆိုခဲ့တာပါ။

အဲဒီ ထိုင်း အမျိုးသမီးတွေ လွတ်မြောက်ရေး နယ်စပ်ရှိ မြန်မာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့က ကူညီပေးခဲ့တယ်လို့ ထိုင်း ဒေသဆိုင်ရာ ရဲတပ်ဖွဲ့က ပြောပါတယ်။

သူတို့ကို မကယ်တင်ခင် အရပ်ဖက် လူမှုအဖွဲ့အစည်း တစ်ခုက ထိုင်းအစိုးရအနေနဲ့ ချက်ချင်း အရေးယူ ဆောင်ရွက်ပေးရေး ဝန်ကြီးချုပ် အနုတင်ဆီ စာရေးသား ပေးပို့ပြီး တောင်းဆိုခဲ့ပါတယ်။

အဲဒီ အမျိုးသမီးတွေကို ထိန်းသိမ်းထားတဲ့ နေရာမှာ နိုင်ငံခြားသား အများအပြားလည်း ဖမ်းဆီးခံထားရတယ်လို့ သိရပါတယ်။

မဲဆောက်နဲ့ မျက်နှာချင်းဆိုင် မြန်မာ နယ်စပ်မှာ တည်ရှိတဲ့ အဲဒီ ဖျော်ဖြေရေး လုပ်ငန်းမှာ ထောင်နဲ့ချီတဲ့ နိုင်ငံခြားသားတွေ ဖမ်းဆီးခံထားရပြီး ညှဉ်းပန်းနှိပ်စက်မှုတွေ ရှိတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံထဲက ကျားဖြန့်လုပ်ငန်းတွေမှာ နိုင်ငံတကာက နိုင်ငံခြားသားတွေ ဖမ်းဆီးခံထားရပြီး နှစ်စဉ် ဝင်ငွေ ဘီလီယံနဲ့ချီ ရရှိနေတာ ဖြစ်ပါတယ်။

Ref:Bangkokpost

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.