ဘန်ကောက်၊ ဖေဖော်ဝါရီ ၁၄

ထိုင်းဝန်ကြီးချုပ် အနုတင် ချန်ဗီရာကူလ်နဲ့ သူ့ရဲ့ စီးပွားရေးလုပ်ငန်းပိုင်ရှင် ချစ်သူ ဂျာ သန်နာနွမ် နီရာမစ်တို့ ချစ်သူများနေ့မတိုင်ခင် တစ်ရက် ဖေဖော်ဝါရီ ၁၃ ရက်က ဘန်ကောက်မြို့မှာ လက်ထပ်ထိမ်းမြားကြောင်း မှတ်ပုံတင်ခဲ့ကြပါတယ်။

မစ္စစ် သန်နာနွမ်ရဲ့ ကော်ဖီဆိုင်သို့ အသက် ၅၉ နှစ်အရွယ် မစ္စတာ အနုတင် စတင်သွားရောက်ချိန်မှာ သူတို့ နှစ်ဦးရဲ့ ချစ်ဇာတ်လမ်း စတင်ခဲ့တာ ဖြစ်ပါတယ်။

သူတို့ အချင်းချင်း ခင်မင်ရင်းနီးသွားပြီး နှစ်နှစ်ကျော်ကြာ ချစ်ကြိုက်ခဲ့ကြပြီးတဲ့နောက် အစိုးရ အိမ်တော်မှာ ၂၀၂၂ ခုနှစ်က သူတို့ချစ်ကြိုက်နေကြောင်း လူသိရှင်ကြား ကြေညာခဲ့တာ ဖြစ်ပါတယ်။

အဲဒီနောက်ပိုင်း စုံတွဲနှစ်ဦးဟာ အရေးပါတဲ့ အခမ်းအနားတွေကို အတူတကွ တက်ရောက်ခဲ့ကြပါတယ်။

မစ္စတာ အနုတင်ထက် အသက် ၂၀ နီးပါး အသက်ငယ်တဲ့ မစ္စစ် သန်နာနွမ်ဟာ ထိုင်းနိုင်ငံ တောင်ပိုင်း ရနောင်းပြည်နယ် ဇာတိ ဖြစ်ပါတယ်။

သမ်မာဆက် တက္ကသိုလ်က ဘွဲ့ရထားတဲ့ အသက် ၄၂ နှစ်အရွယ် မစ္စစ် သန်နာနွမ်ဟာ အရင်က ချူလာ-သမ်မာဆတ် ရိုးရာ ဘောလုံးပွဲအတွက် ဖျော်ဖြေ တင်တက်ပေးသူ ဖြစ်ပါတယ်။

မစ္စစ် သန်နာနွမ်ဟာ ရနောင်းမှာ လူကြိုက်များတဲ့ ဂျာဂျား ကော်ဖီဆိုင်ရဲ့ ပိုင်ရှင် ဖြစ်ပါတယ်။

သူဟာ ဘန်ကောက်မှာ တရုတ်-ပေါ်တူဂီ စတိုင် အစားအသောက် လုပ်ငန်း တစ်ခုကိုလည်း ပိုင်ဆိုင်ထားသူ ဖြစ်ပါတယ်။

သူ့ဆိုင်မှာ သီဟိုဠ်စေ့လို ပြည်တွင်းဖြစ် ထုတ်ကုန်တွေ သုံးပြီး လူကြိုက်များတဲ့ ကျူကျူ စားစရာစာရင်းလို အမျိုးမျိုးသော စားစရာတွေကို ဖန်တီး ရောင်းချနေတာပါ။

မစ္စတာ အနုတင်က သူ့ရဲ့ ဒူဆစ်ဒေသရှိ ကိုယ်ပိုင်အိမ်မှာ အရာရှိတွေကို ဖိတ်ခေါ်ပြီးတော့ ထိမ်းမြား မင်္ဂလာပြုကြောင်း မှတ်ပုံတင်ခဲ့တာ ဖြစ်ပါတယ်။

သူ့ရဲ့ ပထမအိမ်ထောင်က သမီးဖြစ်သူ နဲ့ သားဖြစ်သူအပြင် ပြည်ထဲရေးဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန်တို့ အဲဒီ အခမ်းအနားကို သက်သေအဖြစ် တက်ရောက်ခဲ့ကြပါတယ်။

ဖေဖော်ဝါရီ ၁၄ ရက် ကျရောက်တဲ့ ချစ်သူများနေ့မှာ လက်ထပ်ရမယ့်အစား တစ်ရက်ကြိုပြီး လက်ထပ်တာဟာ ထိုင်းဗေဒင်ပညာအရ ရွေးချယ်မှု ဖြစ်တယ်လို့ မစ္စတာ အနုတင်က ပြောပါတယ်။

အခု လက်ထပ်မှုဟာ မစ္စတာ အနုတင်ရဲ့ တတိယမြောက် လက်ထပ်မှု ဖြစ်ပါတယ်။

Ref: THE NATION

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.