ဘေဂျင်း၊ ဖေဖော်ဝါရီ ၁၄

ဥရောပရဲ့ စီးပွားရေးနဲ့ လုံခြုံရေး ပြဿနာတွေအတွက် ဘေဂျင်းအစိုးရကို အပြစ်တင်ရမှာ မဟုတ်ဘူးလို့ တရုတ် နိုင်ငံခြားရေးဝမ်ယိက ပြင်သစ်နဲ့ ဂျာမနီ နိုင်ငံခြားရေးဝန်ကြီးတို့ကို တိုက်တွန်းလိုက်ပါတယ်။

မြူးနစ်မြို့မှာ ကျင်းပခဲ့တဲ့ ထိပ်သီးဆွေးနွေးပွဲမှာ ဝန်ကြီး ဝမ်ယိက ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး တိုက်တွန်းပြီးနောက် အခုလိုမျိုး ပြောကြားခဲ့တာ ဖြစ်ကြောင်း တရုတ် နိုင်ငံပိုင် မီဒီယာက ဖေဖော်ဝါရီ ၁၄ ရက်က ဖော်ပြပါတယ်။

ဖေဖော်ဝါရီ ၁၃ ရက်က မြူးနစ်မြို့မှာ ကျင်းပခဲ့တဲ့ လုံခြုံရေး ထိပ်သီးဆွေးနွေးပွဲ ပြင်ပမှာ ပြင်သစ် နိုင်ငံခြားရေးဝန်ကြီး ယန်နိုအယ် ဘာရော့နဲ့ ဂျာမနီ နိုင်ငံခြားရေးဝန်ကြီး ယိုဟတ် ဝါဒီဖူလ်တို့နဲ့ တွေ့ဆုံချိန်မှာ ဝမ်ယိက အခုလိုမျိုး ပြောဆိုခဲ့တာပါ။

ကြိုတင် မှန်းဆလို့ မရနိုင်တဲ့ အမေရိကန်နဲ့ ဘေဂျင်းအပေါ် မှီခို အားကိုးနေရမှုကို လျှော့ချဖို့ ဥရောပသမဂ္ဂ (အီးယူ)က ကြိုးပမ်းနေချိန်မှာ တရုတ်က သူတို့ဟာ အီးယူအတွက် ယုံကြည်စိတ်ချလို့ရတဲ့ လက်တွဲဖော် ဖြစ်ကြောင်း ဝမ်ယိက ဆိုပါတယ်။

တရုတ်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုဟာ ဥရောပအတွက် အခွင့်အလမ်း ဖြစ်ပြီး ဥရောပရဲ့ စိန်ခေါ်မှုတွေဟာ တရုတ်နိုင်ငံဆီက ထွက်ပေါ်လာတာ မဟုတ်ဘူးလို့ ဝမ်ယိက ပြောပါတယ်။

ကမ္ဘာ တဝှမ်း တစ်ဖက်သတ်ဆန်တဲ့ လုပ်ရပ်တွေ၊ ကိုယ်ကျိုးစီးပွား ကာကွယ်လိုမှုတွေနဲ့ အင်အားအာဏာကို အခြေပြုတဲ့ နိုင်ငံရေးတွေ ပိုများလာချိန်မှာ ဥရောပအနေနဲ့ တရုတ် အပေါ် ကျိုးကြောင်း သင်တဲ့ လက်တွေ့ဆန်တဲ့ မူဝါဒတွေနဲ့ ချည်းကပ်သင့်တယ်လို့ ဝမ်ယိက ပြောဆိုပါတယ်။

မိမိတို့ နှစ်ဖက်ဟာ လက်တွဲဖော်တွေ ဖြစ်ပြီး ရန်ဖက်တွေ မဟုတ်ကြောင်းနဲ့ အပြန်အလှန် မှီခိုမှုဟာ အန္တရာယ် မရှိသလို အပြန်အလှန် ဆက်နွယ်နေတဲ့ အကျိုးစီးပွားတွေဟာလည်း အန္တရာယ် မဟုတ်ဘူးလို့ တရုတ် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ဆိုတာပါ။

ပွင့်လင်းတဲ့ ပူးပေါင်းဆောင်ရွက်မှု ပြုလုပ်တာဟာ လုံခြုံရေး အတွက် အန္တရာယ် မဟုတ်ဘူးလို့လည်း သူက ပြောပါတယ်။

မကြာသေးခင် နှစ်တွေက တရုတ် လျှပ်စစ်ကားများ တင်ပို့မှုနဲ့ ပတ်သက်လို့ အီးယူနဲ့ တရုတ်ကြား အငြင်းပွားမှုတွေ ရှိခဲ့ပါတယ်။

တရုတ်-အီးယူ ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်လာစေဖို့ အတွက် ရှင်းလင်းတဲ့ ညွှန်ကြားချက်တွေ ထွက်ပေါ်လာစေရေး ပြင်သစ်နဲ့ ဂျာမနီက ကူညီပေးဖို့ ဝမ်ယိက တိုက်တွန်း ပြောကြားခဲ့ပါတယ်။

Ref:AFP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.