အစ္စလာမ်မာဘက်၊ ဖေဖော်ဝါရီ ၁၄
ထောင်ကျခံနေရတဲ့ ပါကစ္စတန် ဝန်ကြီးချုပ် အီမရန်ခန်းရဲ့ ညာဖက် မျက်လုံး အမြင်အာရုံ ၈၅ ရာခိုင်နှုန်း ဆုံးရှုံးသွားပြီ ဖြစ်ကြောင်း သူ့ရဲ့ ရှေ့နေက နိုင်ငံတော် တရားရုံးမှာ ပြောဆိုလိုက်ပါတယ်။
ပါကစ္စတန် ခေါင်းဆောင်ဟောင်း အီမရန်ခန်းဟာ ဥပဒေဆိုင်ရာ နိုင်ငံရေးဆိုင်ရာ စိန်ခေါ်မှုတွေအတွက် တိုက်ပွဲ ဝင်နေရပြီး လက်ရှိ အခြေအနေက သူ့အတွက် စိန်ခေါ်မှု တစ်ခု ပိုများလာတာ ဖြစ်ပါတယ်။
အသက် ၇၃ နှစ်အရွယ် အီမရန်ခန်းဟာ ၂၀၂၃ ခုနှစ် သြဂုတ်လမှာကတည်းက အကျင့်ပျက် ခြစားမှုစွဲချက်တွေနဲ့ ထောင်ဒဏ် ၁၄ နှစ် ကျခံနေရတာ ဖြစ်ပါတယ်။
စစ်တပ်က သူ့ကို နိုင်ငံရေးလောကထဲ မဝင်ရောက်အောင် လုပ်ထားတယ်ဆိုတဲ့ စွဲချက်တွေနဲ့ ပြစ်ဒဏ် ကျခံနေရတာလည်း ဖြစ်ပါတယ်။
သူ့ရဲ့ ညာဖက် မျက်လုံးမှာ အမြင်အာရုံ ၁၅ ရာခိုင်နှုန်းပဲ ကျန်ပါတော့တယ်လို့ ခန်းရဲ့ ရှေ့နေ ဆော်လ်မန် ဖက်ဖ်ဒါက ပြောပါတယ်။
အီမရန်ခန်းဟာ ခရစ်ကတ် ကစားသမားအဖြစ်က နိုင်ငံရေးသမား ဖြစ်လာသူ ဖြစ်ပြီး ပါကစ္စတန် စစ်တပ်နဲ့ အဆင်မပြေမှုတွေ ဖြစ်ပြီးနောက် စွဲချက် အမျိုးမျိုးနဲ့ ထောင်ချခံထားရတာ ဖြစ်ပါတယ်။
အီမရန်ခန်းဟာ ၂၀၂၅ ခုနှစ် အောက်တိုဘာလ နောက်ပိုင်း အမြင်ဝေဝါးမှုတွေ ကြုံတွေ့နေရကြောင်း စောဒက တက်ခဲ့ပေမယ့် အကျဉ်းထောင် အရာရှိတွေက ဘာမှ အရေးယူ ဆောင်ရွက်မှု မရှိခဲ့ပါဘူး။
မစ္စတာ ခန်းနဲ့ နှစ်နာရီကြာ တွေ့ဆုံပြီးနောက် သူ့ရဲ့ ရှေ့နေက လေ့လာ တွေ့ရှိချက်တွေကို နိုင်ငံတော် တရားရုံးသို့ တင်ပြထားပါတယ်။
နိုင်ငံတော် တရားရုံးက ခန်းကို ဖေဖော်ဝါရီ ၁၆ ရက် နောက်ဆုံးထားပြီး ဆေးရုံ တင်ပို့ဖို့ ညွှန်ကြားထားပါတယ်။
မစ္စတာခန်းကို မျက်လုံး ကုသမှု လုပ်ငန်းစဉ်အတွက် အခုလအတွင်း မိနစ် ၂၀ ကြာ ဆေးရုံ တင်ပို့ပေးခဲ့တယ်လို့ ပါကစ္စတန် ပြည်ထဲရေးဝန်ကြီးဌာနက ပြောပါတယ်။
သူ့ရဲ့ Pakistan Tehreek-e-Insaf ပါတီကတော့ ဝန်ကြီးချုပ်ဟောင်း ဖမ်းဆီးခံရချိန်အတွင်း အသက်သေဆုံးအောင် လုပ်ဆောင်နေတဲ့ နည်းလမ်းတွေ အဆုံးသတ်ဖို့ တိုက်တွန်း ပြောဆိုထားပါတယ်။
မစ္စတာ ခန်း ဖမ်းဆီးခံရပြီးနောက် ၂၀၂၃ ခုနှစ် မေလက ဆန္ဒပြပွဲတွေ ကြီးကြီးမားမား ဖြစ်ပွားခဲ့ပြီး သူ့ရဲ့ ပါတီလည်း နှိမ်နှင်းခံခဲ့ရပါတယ်။
Ref:Reuters

