ရန်ကုန်၊ ဖေဖော်ဝါရီ ၁၆

တီမော လက်စတေနိုင်ငံက မြန်မာ စစ်တပ်ကို စစ်ရာဇဝတ်မှု စွဲချက်တွေနဲ့ ပတ်သက်လို့ အမှု ဖွင့်လိုက်ပြီးနောက် မြန်မာအခြေစိုက် ဒီလီ အစိုးရ ထိပ်တန်း သံအမတ်ကို နှင်ထုတ်လိုက်ကြောင်း စစ်ကော်မရှင်က ဖေဖော်ဝါရီ ၁၅ ရက်မှာ ကြေညာပါတယ်။

၂၀၂၁ ခုနှစ်မှာ အာဏာသိမ်းခဲ့တဲ့ မြန်မာစစ်တပ်ဟာ အထူးသဖြင့် တိုင်းရင်းသား လူနည်းစုတွေကို ပစ်မှတ်ထားပြီး လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျူးလွန်နေတယ်လို့ စွပ်စွဲခံထားရတာ ဆယ်စုနှစ်ပေါင်းများစွာကြာပြီ ဖြစ်ပါတယ်။

လက်ရှိမှာ မြန်မာစစ်တပ်ဟာ မွတ်စလင် လူနည်းစု ရိုဟင်ဂျာတွေကို လူမျိုးတုန်း သတ်ဖြတ်တယ်ဆိုတဲ့ စွဲချက်တွေအတွက် နိုင်ငံတကာ တရားရုံးမှာ ခုခံချေပနေပါတယ်။

ဒါပေမဲ့ အခုလအတွင်း တီမော လက်စတေက မြန်မာ စစ်တပ်ကို စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေနဲ့ ကိုယ်တိုင် အမှုဖွင့်ထားကြောင်း ချင်းလူ့အခွင့်အရေးအဖွဲ့ CHRO က ပြောထားပါတယ်။

မိမိတို့ အဖွဲ့တင်ပြထားတဲ့ ရာဇဝတ်မှုဆိုင်ရာ ဖိုင်တွဲတွေကို လေ့လာသုံးသပ်ဖို့ အကြီးတန်း တီမော အစိုးရ ရှေ့နေတစ်ဦးကို ခန့်အပ်ထားတယ်လို့ CHRO က ဆိုတာပါ။

အဲဒီ အမှုကို စုံစမ်းစစ်ဆေးဖို့ ဒီလီအစိုးရက အစိုးရ ရှေ့နေ တစ်ဦး ခန့်ထားတယ်ဆိုတဲ့ သတင်းဟာ အရမ်း စိတ်ပျက်စရာကောင်းတယ်လို့ စစ်ကော်မရှင်ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

တီမော သံတမန် အဖွဲ့ကို ဖေဖော်ဝါရီ ၁၃ ရက်မှာ ဆင့်ခေါ်ပြီး တစ်ပတ်အတွင်း မြန်မာ နိုင်ငံက ထွက်ခွာသွားဖို့ ပြောထားတယ်လို့ အဲဒီ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

စစ်တပ်ကို စွဲဆိုထားတဲ့ အမှုမှာ အုပ်စုလိုက် မုဒိမ်းကျင့်မှု လူ ၁၀ ဦးကို အစုလိုက် သတ်ဖြတ်မှု၊ ဘာသာရေး အကြီးအကဲတွေကို သတ်ဖြတ်မှုနဲ့ ရဟတ်ယာဉ်နဲ့ လေကြောင်း တိုက်ခိုက်မှုတွေအတွက် မငြင်းနိုင်တဲ့ အထောက်အထားတွေ ပါဝင်နေတယ်လို့ CHRO က ပြောပါတယ်။

နိုင်ငံတကာ ဥပဒေချိုးဖောက်မှုတွေကို ပြည်တွင်း တရားရုံးက စစ်ဆေးပိုင်ခွင့်ရှိတဲ့ နိုင်ငံတကာ တရားစီရင်ရေးမူအရ အခုလိုမျိုး တိုင်ကြားထားတာ ဖြစ်တယ်လို့ CHRO က ပြောပါတယ်။

အဲဒီ အမှုနဲ့ သံမတန် ဆက်ဆံရေး ပိုမို တင်းမာလာမှုတို့ကြောင့် အာဆီယံ အဖွဲ့ဝင် နှစ်နိုင်ငံကြား ဆက်ဆံရေး အဆင်မပြေ ဖြစ်လာနေပါတယ်။

တီမောဟာ ၂၀၂၅ ခုနှစ် အောက်တိုဘာက အာဆီယံရဲ့ ၁၁ နိုင်ငံမြောက် အဖွဲ့ဝင် ဖြစ်လာခဲ့တာ ဖြစ်ပါတယ်။

တီမောဟာ အချုပ်အခြာအာဏာအတွက် လေးစားမှုကို ထိန်းသိမ်းဖို့ အရေးကြီးကြောင်းနဲ့ ကြားမဝင်စွက်ရဆိုတဲ့ အာဆီယံ ပဋိညာဉ် အခြေခံမူတွေကို ချိုးဖောက်နေတယ်လို့ စစ်ကော်မရှင်က စွပ်စွဲထား ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို တီမောက လက်ခံ တွေ့ဆုံမှုနဲ့ ပတ်သက်လို့ ၂၀၂၃ ခုနှစ် သြဂုတ်လက တီမော ထိပ်တန်း သံတမန်ကို စစ်ကော်မရှင်က နှင်ထုတ်ခဲ့သေးတာပါ။

သည်ဟေ့ဂ်မြို့ နိုင်ငံတကာ တရားရုံးမှာ ဂမ်ဘီယာ နိုင်ငံကလည်း မြန်မာ စစ်တပ်ကို လူမျိုးတုန်း သတ်ဖြတ်မှုနဲ့ တရားစွဲထားပြီး အမှု ရင်ဆိုင်နေဆဲ ဖြစ်ပါတယ်။

အဲဒီ အမှုအတွက် သွားရောက် ရင်ဆိုင်နေတဲ့ မြန်မာ ကိုယ်စားလှယ် အဖွဲ့ရဲ့ ခုခံ ချေပမှုတွေနဲ့ ပတ်သက်လို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ချီးကျူးပြီး ဂုဏ်ပြုညစာစားပွဲနဲ့ ကြိုဆိုထားပါတယ်။

မြန်မာ စစ်တပ်ဟာ ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့် ပိုမိုရရှိရေး တိုက်ပွဲဝင်နေကြတာ ကြာပြီ ဖြစ်တဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကို သောင်းကျန်းသူ အုပ်စုတွေ အဖြစ် သတ်မှတ်ပြီး တိုင်းရင်းသား ဒေသတွေမှာ ပြင်းထန်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျူးလွန်လာတာ ကြာပြီ ဖြစ်ပါတယ်။

ဒါပေမဲ့ စစ်ခေါင်းဆောင်တွေဟာ သူတို့ ကျူးလွန်ထားတဲ့ ရာဇဝတ်မှုတွေ အတွက် တစ်ခါမှ အရေးယူ မခံရဘဲ ရာဇဝတ်မှုတွေ ဆက်လက် ကျူးလွန်နေကြတာ ဖြစ်ပါတယ်။

Ref:AFP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.