ဘေဂျင်း၊ ဖေဖော်ဝါရီ ၁၂

ထိပ်တန်း ဗိုလ်ချုပ် တစ်ဦးအပါအဝင် အဆင့်မြင့် အရာရှိတွေကို အကျင့်ပျက်ခြစားမှုနဲ့ စုံစမ်းစစ်ဆေး အရေးယူပြီးထားပြီးနောက် တရုတ် သမ္မတ ရှီကျင့်ဖျင်က စစ်တပ်ရဲ့ အကျင့်ပျက်ခြားစားမှု တိုက်ဖျက်ရေး ချီးကျူးကြောင်း နိုင်ငံပိုင်မီဒီယာက ဖေဖော်ဝါရီ ၁၁ ရက်မှာ ဖော်ပြပါတယ်။

သြဇာအာဏာကြီးမားတဲ့ ဗဟို စစ်ရေးကော်မရှင် CMC ဒုဥက္ကဋ္ဌ ဗိုလ်ချုပ် ကျန်းယူရှား အပြင် CMC ရဲ့ ပူးတွဲဌာန အကြီးအကဲ လွီကျန်းလီတို့အား စုံစမ်း စစ်ဆေးနေကြောင်း တရုတ် ကာကွယ်ရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့လမှာ ကြေညာခဲ့တာပါ။

တရုတ် ကွန်မြူနစ်ပါတီနဲ့ အစိုးရအဖွဲ့ရဲ့ ရာထူးအဆင့် အားလုံး အကျင့်ပျက်ခြစားမှုကို အမြစ်လှန် တိုက်ဖျက်နေရာမှာ သူတို့ နှစ်ယောက်ဟာ နောက်ဆုံး စုံစမ်းစစ်ဆေးခံရတဲ့ ထိပ်တန်း အရာရှိတွေ ဖြစ်ပါတယ်။

အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရာမှာ စစ်တပ်က လုံးလုံးလျားလျား ပြောင်းလဲ ဆောင်ရွက်ခဲ့ကြောင်း ရှီကျင့်ဖျင်က စစ်သားတွေကို အွန်လိုင်းက ပြောကြားခဲ့တယ်လို့ နိုင်ငံပိုင် မီဒီယာက ဖော်ပြပါတယ်။

ပြည်သူ့ လွတ်မြောက်ရေးတပ်က အန္တရာယ် အမျိုးမျိုး စိန်ခေါ်မှု အမျိုးမျိုးကို ထိထိရောက်ရောက် တုံ့ပြန်နိုင်ခဲ့တယ်လို့ ရှီကျင့်ဖျင်က ဆိုတာပါ။

စစ်တပ်ဌာန အသီးသီးက ခေါင်းဆောင်တွေလည်း အကျင့်ပျက်ခြစားမှုနဲ့ စုံစမ်း စစ်ဆေးခံရတာ ဒါမှမဟုတ် ထုတ်ပယ်ခံရတာတွေ ရှိနေပါတယ်။

ပြီးခဲ့တဲ့နှစ်ဟာ မူမမှန်တာတွေ များပြီး ထူးထူးခြားခြား ဖြစ်ခဲ့ပေမယ့် စစ်သားတွေက အပြည့်အဝ ယုံကြည်ထိုက်ကြောင်း သက်သေပြခဲ့ကြတယ်လို့ ပြောပါတယ်။

ရှီကျင့်ဖျင် မိန့်ခွန်း ပြောကြားချိန်မှာ ကာကွယ်ရေးဝန်ကြီး တောင်ကျန်းလည်း ဘေးနားမှာ ထိုင်နေတာကို တွေ့ရပါတယ်။

တရုတ် စစ်ဖက်ဆိုင်ရာ အရာရှိတွေနဲ့ တခြား အရာရှိတွေကို အကျင့်ပျက်ခြစားမှု ခေါင်းစဉ်နဲ့ ဖမ်းဆီး အရေးယူတာတွေ ရှိနေချိန်မှာ ရှီကျင့်ဖျင်ဟာ သူ့ရဲ့ အာဏာကို စိန်ခေါ်နိုင်ခြေရှိသူတွေကို နှိမ်နှင်းနေတယ်ဆိုတဲ့ စွပ်စွဲချက်တွေ ထွက်ပေါ်နေပါတယ်။

ထိပ်တန်း ဗိုလ်ချုပ် ကျန်းယူရှားကို စုံစမ်း စစ်ဆေးတာဟာ စစ်တပ်ထဲမှာ ရှိနေတဲ့ အခက်အခဲ အတားအဆီးတွေကို ဖယ်ရှားရှင်းလင်းပြီး တိုက်ခိုက်ရေး စွမ်းရည်တိုးမြှင့်ဖို့ လုပ်ဆောင်တာ ဖြစ်တယ်လို့ ရှီကျင့်ဖျင်က ပြောထားပါတယ်။

ကျန်းယူရှားနဲ့ လွီကျန်းလီတို့ကို စုံစမ်းစစ်ဆေး အရေးယူနေတာတွေဟာ အကျင့်ပျက် ခြစားမှု တိုက်ဖျက်တယ်ဆိုတာထက် နိုင်ငံရေးနဲ့ ပိုမို သက်ဆိုင်ပုံပေါ်တယ်လို့ တရုတ် နိုင်ငံရေး လေ့လာသူတွေက ပြောပါတယ်။

သူတို့နှစ်ယောက်ကို ဘာကြောင့် စုံစမ်းစစ်ဆေးနေရသလဲ ဆိုတာကိုတော့ တရုတ် အာဏာပိုင်တွေက ပြောမထားပါဘူး။

သူတို့တွေဟာ အကျင့်ပျက်ခြစားမှုမှာ ပါဝင်နေသူတွေ ဖြစ်တယ်လို့ ကွန်မြူနစ် ပါတီ အာဘော် PLA Daily သတင်းဌာနက ဖော်ပြထားပါတယ်။

တရုတ်ရဲ့ အကျင့်ပျက်ခြစားမှု တိုက်ဖျက်တာဟာ သန့်ရှင်းတဲ့ အစိုးရ ဖြစ်ပေါ်လာစေရေး ဆောင်ရွက်တာ ဖြစ်တယ်လို့ လိုလားသူတွေက ပြောပေမယ့် တခြားလူတွေကတော့ ရှီကျင့်ဖျင်က သူ့ရဲ့ နိုင်ငံရေး ပြိုင်ဖက်တွေကို ရှင်းလင်းနေတာလို့ ပြောပါတယ်။

Ref:AFP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.