ကွာလာလမ်ပူ၊ ဖေဖော်ဝါရီ
ဖေဖော်ဝါရီ ၇ ရက်အထိ မလေးရှားရဲ့ ပြည်နယ် ၇ ခုမှာ တီဘီရောဂါ ပျံ့နှံ့ရာ နေရာ ၁၀ နေရာ တွေ့ရှိထားပြီး ဂျိုဟိုးပြည်နယ်မှာ တီဘီရောဂါ ဖြစ်ပွားသူ ၃၇ ဦးနဲ့ အများဆုံး ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီး ဒီဇူလ်ကီဖလီ အာမတ်က ပြောလိုက်ပါတယ်။
ဂျိုဟိုးရှိ ရောဂါ ပျံ့နှံ့ရာ နေရာမှာ ကလေး ၂၉ ဦးနဲ့ အရွယ်ရောက်ပြီးသူ ၈ ဦး ပါဝင်တယ်လို့ မလေးရှား ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
အဲဒီ ရောဂါ ပျံ့နှံ့ရာ နေရာမှာ ပထမဆုံး ရောဂါကူးစက်သူဟာ အသက် ၇၂ နှစ်အရွယ် အမျိုးသမီး ဘာသာရေးဆရာမ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ရေးပါတယ်။
ရောဂါ ပျံ့နှံ့ရာနေရာတွေကို အလျင်အမြန် စစ်ဆေးနေပြီး ခြေရာခံ စစ်ဆေးမှုတွေလည်း ပြုလုပ်နေကြောင်း မလေးရှား ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။
မိုက်ခို ဘက်တီးယီးယန်လို့ ခေါ်တဲ့ ဘက်တီးရီးယားကြောင့် ဖြစ်တဲ့ တီဘီရောဂါဟာ ကူးစက်ပျံ့နှံ့ လွယ်တဲ့ ရောဂါ ဖြစ်ပါတယ်။
အများဆုံးကတော့ အဆုပ်ကို ကူးစက်လေ့ရှိပြီး ခန္ဓာကိုယ်ရဲ့ တခြား ကိုယ်တွင်းအင်္ဂါတွေနဲ့ တစ်သျှူးတွေကိုလည်း ကူးစက် ပျံ့နှံ့တတ်ပါတယ်။
ဆေးဝါးနဲ့ ကုသချိန်မှာလည်း အချိန်မှန် ဆေးဝါးသောက်သုံးဖို့ လိုအပ်ပြီး အခြေအနေ မမှန်ရင် ဆေးယဉ်ပါးတဲ့ ပြဿနာ ဖြစ်လာနိုင်ပါတယ်။
ဒါပေမဲ့ တီဘီရောဂါ ကူးစက်ခံထားရသူတိုင်း ရောဂါလက္ခဏာ ပြသလေ့ မရှိပါဘူး။
ဖေဖော်ဝါရီ ၇ ရက်အထိ တီဘီရောဂါ ကူးစက်ခံထားရသူ ၉၀၃ ဦးအထိ စစ်ဆေးတွေ့ရှိထားကြောင်း မလေးရှား ကျန်းမာရေးဝန်ကြီးဌာနက ကြေညာထားပါတယ်။
ရောဂါပျံ့နှံ့မှု စောင့်ကြည့်ရေးနဲ့ ကြိုတင် ကာကွယ်ရေး အစီအစဉ်တွေလည်း ချမှတ် လုပ်ဆောင်နေကြောင်း အဲဒီ ကြေညာချက်မှာ ဖော်ပြပါတယ်။
မူလ ရောဂါ ပျံ့နှံ့ရာနေရာမှာ ရောဂါ ကူးစက်သူတွေကြား ကျောင်းသား ၆ ဦးလည်း ပါဝင်တယ်လို့ သိရပါတယ်။
မူလတန်းအရွယ် ကျောင်းသားလေး တစ်ဦး ပါဝင်တဲ့ နောက်ထပ် ရောဂါ ပျံ့နှံ့ရာ နေရာ တစ်ခုကိုလည်း မလေးရှား ကျန်းမာရေး အရာရှိတွေ ဖော်ထုတ် တွေ့ရှိထားပါတယ်။
ဒါပေမဲ့ ရောဂါ ပျံ့နှံ့ရာ နေရာ နှစ်ခုဟာ ၁၂၅ ကီလိုမီတာ ဝေးပြီး ဆက်စပ်မှု မရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက အတည်ပြုပါတယ်။
ဆီလန်းဂေါနဲ့ ဂျိုဟိုးမှာ ရောဂါပျံ့နှံ့မှု အများဆုံး ဖြစ်ကြောင်း မလေးရှား ကျန်းမာရေး ဝန်ကြီးဌာနက ပြောပါတယ်။
ဆာဘားပြည်နယ်မှာ ၅ ဦး ရောဂါကူးစက်ခံထားရပြီး ပီနန်ပြည်နယ်မှာ ၄ ဦး ရောဂါကူးစက်မှု ရှိကြောင်း ထုတ်ပြန်ထားပါတယ်။
ချောင်းဆိုး၊ ဖျားနာ၊ အစာစားချင်စိတ် မရှိတာ၊ အဆုပ်ရောဂါ ကာလကြာရှည် ခံစားနေရသူတွေကို စစ်ဆေးပြီး ရောဂါ ကာကွယ်ရေး ကြိုတင် ဆောင်ရွက်မှုတွေ လုပ်ဆောင်နေကြောင်း မလေးရှားအစိုးရက ပြောပါတယ်။
ကလေးငယ် ၉၉ ရာခိုင်နှုန်းအထိ ကာကွယ်ဆေး ထိုးနှံထားတဲ့ အခြေအနေမှာ အခုလို ရောဂါပျံ့နံ့မှုနဲ့ ကြုံတွေ့ရတာ ဖြစ်ကြောင်း မလေးရှား ကျန်းမာရေးဝန်ကြီးက ဆိုပါတယ်။
မလေးရှားအနေနဲ့ တီဘီရောဂါ ကင်းစင်ရေး နောက်ထပ် အများကြီး လုပ်ဆောင်ရဦးမှာ ဖြစ်ပြီး အများပြည်သူအနေနဲ့ တီဘီရောဂါ ကာကွယ်ရေး ကိုယ်ခံအား ကောင်းအောင်နေထိုင် စားသောက်ကြဖို့ ကျန်းမာရေးဝန်ကြီးဌာနက တိုက်တွန်းထားပါတယ်။
Ref: Agencies

