ဗစ်တိုရီးယား၊ ဖေဖော်ဝါရီ ၁၁
ကနေဒါနိုင်ငံမှာ လတ်တလောနှစ်တွေအတွင်း အဆိုးရွားဆုံး ပစ်ခတ် တိုက်ခိုက်မှုအဖြစ် နိုင်ငံ အနောက်ပိုင်းရှိ အထက်တန်းကျောင်းမှာ ဖေဖော်ဝါရီ ၁၀ ရက်က ပစ်ခတ်မှု ဖြစ်ပွားပြီး သေနတ်သမား အပါအဝင် လူ ၁၀ ဦး သေဆုံးခဲ့ပါတယ်။
အိမ်နီးချင်း အမေရိကန်မှာပဲ အစုလိုက်အပြုံလိုက် ပစ်ခတ် တိုက်ခိုက်မှု ဖြစ်ပွားလေ့ရှိပြီး ဖြစ်တောင့်ဖြစ်ခဲ ကနေဒါက ပစ်ခတ်မှုမှာ သေနတ်သမားဟာ အမျိုးသမီး ဖြစ်တယ်လို့ ကနေဒါ ရဲတပ်ဖွဲ့က ပြောပါတယ်။
ဗြိတိသျှ ကိုလံဘီယာ ပြည်နယ် တမ်ဘလာရိတ်ချ်မြို့ရှိ အထက်တန်းကျောင်းမှာ သေဆုံးသူ ၆ ဦး တွေ့ရပြီး အဲဒီ ပစ်ခတ်မှုနဲ့ ဆက်စပ်တယ်လို့ ယုံကြည်ရတဲ့ လူနေအိမ်တစ်ခုမှာ နောက်ထပ် သေဆုံးသူ နှစ်ဦး တွေ့ရှိခဲ့ရပါတယ်။
နောက်တစ်ဦးကတော့ ဆေးရုံကို တင်ပို့နေချိန်မှာပဲ သေဆုံးသွားတယ်လို့ ကနေဒါ ရဲတပ်ဖွဲ့က ပြောပါတယ်။
လူ ၂၅ ယောက်ကိုတော့ အသက်အန္တရာယ် မစိုးရိမ်ရတဲ့ ဒဏ်ရာတွေအတွက် ဆေးကုပေးနေရပြီး အနည်းဆုံး နှစ်ဦးကတော့ အသက်အန္တရာယ် စိုးရိမ်ရတဲ့ အခြေအနေနဲ့ ဆေးရုံတင်ထားရ ပါတယ်။
သေနတ်သမားလို့ သံသယရှိတဲ့ အမျိုးသမီးဟာ ကိုယ်ကိုယ်ကို အန္တရာယ် ဖြစ်အောင် ပြုလုပ်ထားပုံရတဲ့ ဒဏ်ရာနဲ့ သေဆုံးနေကြောင်း တွေ့ရှိရတယ်လို့ ကနေဒါ ရဲတပ်ဖွဲ့က ပြောပါတယ်။
အများပြည်သူတွေအနေနဲ့ နောက်ထပ် သံသယရှိသူတွေ မရှိတော့သလို အန္တရာယ်ကိုလည်း စိုးရိမ်စရာ မလိုတော့ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
ဒီလို ဖြစ်ပျက်ခဲ့တာနဲ့ ပတ်သက်လို့ မယုံနိုင်စရာပါပဲ။ ကျွန်တော်တို့ဆီမှာ ဒီလို ဖြစ်ဖူးတာ မရှိပါဘူးလို့ ဗြိတိသျှကိုလံဘီယာ ဒေသခံ ဒေးဗစ်အီဘေက သတင်းထောက်တွေကို ပြောကြား ပါတယ်။
မြောက်အမေရိကန်မှာ ပစ်ခတ်တိုက်ခိုက်မှုတွေကို အမျိုးသားတွေကပဲ လုပ်ဆောင်လေ့ရှိပြီး ကနေဒါ အာဏာပိုင်တွေက သေနတ်သမားဟာ အမျိုးသမီး ဖြစ်တယ်ဆိုတာက လွဲလို့ အသေးစိတ်ကို ဖော်ပြမထားပါဘူး။
တမ်ဘလာရိတ်ချ်မြို့ဟာ ရော့ကီးတောင်ခြေမှာ ရှိပြီး လူဦးရေ ၂၄၀၀ လောက်ပဲ ရှိတဲ့ မြို့ငယ်လေး ဖြစ်ပါတယ်။
ပစ်ခတ်မှု ဖြစ်ပွားခဲ့တဲ့ ကျောင်းမှာ အသက် ၁၂ နှစ်ကနေ ၁၈ နှစ်အထိ ၇ တန်းကနေ စတင်သင်ကြားပေးနေတဲ့ ကျောင်း ဖြစ်ပါတယ်။
အခု ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုဟာ ကနေဒါနိုင်ငံရဲ့ ရာဇဝင်များ လူသေဆုံးမှု အများဆုံး ပစ်ခတ်မှု ဖြစ်ပါတယ်။
Ref:Reuters

