ဘန်ကောက်၊ ဖေဖော်ဝါရီ ၁၁

မဲဆန္ဒနယ် တချို့မှာ မဲပြန်လည် ရေတွက်ပေးရေးနဲ့ ရွေးကောက်ပွဲ ကော်မရှင် နုတ်ထွက်ပေးရေး ဘန်ကောက်မြို့ရှိ ရွေးကောက်ပွဲ ကော်မရှင် ရုံးချုပ်ရှေ့မှာ ဖေဖော်ဝါရီ ၁၁ ရက် မနက်ပိုင်းက ထိုင်းပြည်သူတွေ ဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်။

လက်စီဒေသရှိ ရွေးကောက်ပွဲ ကော်မရှင်ရုံးချုပ်ရှေ့မှာ ဆန္ဒပြသူ ၁၀၀ ကျော်ရှိပြီး မဲမသမာမှုတွေ တွေ့ရတာကြောင့် မဲပြန်လည် ရေတွက်ပေးဖို့ တောင်းဆိုရတာ ဖြစ်ကြောင်း ပြောပါတယ်။

မဲပြန်လည် ရေတွက်မယ်ဆိုရင်လည်း အများပြည်သူရှေ့ ပြန်လည် ရေတွက်ရမှာ ဖြစ်ကြောင်း ပွင့်လင်းမြင်သာ ရှိရမှာ ဖြစ်ကြောင်း ဆန္ဒပြသူတွေက တောင်းဆိုထားပါတယ်။

မဲရေတွက်မှု မူမမှန် ဖြစ်စေခဲ့တဲ့ အရာရှိတွေကို အပြစ်ပေးဖို့ဖို့အတွက်လည်း ဆန္ဒပြသူတွေက တောင်းဆိုထားပါတယ်။

ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ၇ ဦးလုံး နုတ်ထွက်ပေးဖို့ ထိုင်းနိုင်ငံသားတွေ ကိုယ်စား ဆန္ဒပြသူ ၁၀၀ က တောင်းဆိုထားတာ ဖြစ်ပါတယ်။

ပါတီ တချို့ရဲ့ ရှုံးနိမ့်မှုကို ကျွန်တော်တို့ လက်ခံပါတယ်။ ဒါပေမဲ့ ပွင့်လင်းမြင်သာမှု မရှိတာကိုတော့ လက်မခံကြောင်းနဲ့ မိမိတို့ရဲ့ ဆန္ဒပြပွဲကို ဘယ်နိုင်ငံရေး ပါတီကမှ ထောက်ပံ့ ကူညီမှု မရှိကြောင်း ဆန္ဒပြပွဲ ခေါင်းဆောင် နိုပါဆင်က ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၈ ရက် ရွေးကောက်ပွဲမှာ ဘွမ်ဂျိုင်ထိုင်း ပါတီနောက် ဒုတိယနေရာမှာ ရှိနေတဲ့ ပြည်သူ့ပါတီကလည်း မဲပြန်လည် ရေတွက်ပေးရေး တောင်းဆိုထားပါတယ်။

မဲအနည်းငယ် လျော့နည်းမှုနဲ့ ရှုံးနိမ့်ခဲ့တဲ့ မဲဆန္ဒနယ် ၁၈ ခုမှာ မဲပြန်လည် ရေတွက်ရေး ပြည်သူ့ပါတီက တောင်းဆိုထားတာပါ။

မဲပြန်လည် ရေတွက်ပေးဖို့ တောင်းဆိုမှုကို ထိုင်းရွေးကောက်ပွဲ ကော်မရှင်ဆီကိုလည်း တရားဝင် တောင်းဆိုထားပြီ ဖြစ်ကြောင်း ပြည်သူ့ပါတီက ပြောပါတယ်။

ရွေးကောက်ပွဲ ကော်မရှင်က ပြန်လည် စိစစ်မှုတွေ ပြုလုပ်ပြီးနောက် အပြီးသတ် ရလဒ်ကို သူတို့ရဲ့ ဝက်ဘ်ဆိုက်မှာ ဖော်ပြသွားမယ်လို့ ပြောထားပါတယ်။

Ref:Bangkokpost

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.