မော်စကို၊ ဖေဖော်ဝါရီ ၆
ဂရင်းလန်းမှာ အမေရိကန်က စစ်လက်နက်တွေ ချထားဖို့ စီစဉ်ထားတဲ့အတိုင်း လုပ်ဆောင်ခဲ့မယ်ဆိုရင် စစ်ရေးအရ တုံ့ပြန်ဖို့ အသင့်ရှိတယ်လို့ ရုရှား အကြီးတန်းအရာရှိ တစ်ဦးက သတိပေးလိုက်ပါတယ်။
ရုရှား လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဆာဂျီယက်ကော့ဘ်က ဖေဖော်ဝါရီ ၃ ရက်တရုတ်နိုင်ငံ ခရီးစဉ်အတွင်းမှာ အခုလိုမျိုး သတိပေးခဲ့တာ ဖြစ်ပါတယ်။

ဝါရှင်တန်နဲ့ မော်စကိုကြား ချုပ်ဆိုထားတဲ့ နျူကလီးယား လက်နက် ထိန်းချုပ်ရေးဆိုင်ရာ သဘောတူညီမှု ဖေဖော်ဝါရီ ၅ ရက်က သက်တမ်းကုန်သွားခဲ့ပြီးနောက် လက်နက် ပြိုင်ဆိုင်မှုတွေ ထပ်ဖြစ်လာမယ်ဆိုတဲ့ စိုးရိမ်မှုတွေ ရှိနေပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ် ထရန့်က နျူကလီးယား လက်နက် ထိန်းချုပ်ရေးဆိုင်ရာ သဘောတူညီမှု အသစ် ရယူဖို့ မော်စကိုကို တိုက်တွန်းထားပါတယ်။
ဒိန်းမတ်နိုင်ငံရဲ့ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ တစ်ခု ဖြစ်တဲ့ ဂရင်းလန်းမှာ အမေရိကန်က ဒုံးကျည်တွေ ချထားဖို့ စီစဉ်ထားပါတယ်။
အဲဒီ အာတိတ်ဒေသက ကျွန်းပေါ်မှာ အမေရိကန်က စစ်လက်နက်တွေ ချထားမယ်ဆိုရင် ရုရှားက စစ်ရေးအရ တုံ့ပြန်မယ်လို့ လက်ထောက် နိုင်ငံခြားရေးဝန်ကြီးက ပြောထားပေမယ့် ဘယ်လိုဘယ်ပုံ တုံ့ပြန်မယ်ဆိုတာ အသေးစိတ် ပြောဆိုသွားတာ မတွေ့ရပါဘူး။

ဒါပေမဲ့ အမေရိကန်ရဲ့ စစ်လက်နက်ချထားမယ့် အစီအစဉ် အထမြောက်လာမှာ မဟုတ်ဘူးလို့ ဝန်ကြီး ဆာဂျီ ယက်ကော့ဘ်က ပြောပါတယ်။
အဲဒီကိစ္စနဲ့ ပတ်သက်လို့ ရှင်းရှင်းလင်းလင်း ပြောကြားပေးဖို့ ရုရှား နိုင်ငံခြားရေးဝန်ကြီးဌာနကို တောင်းဆိုခဲ့ပေမယ့် တုံ့ပြန်မှု မရှိပါဘူး။
နျူကလီးယား လက်နက်ထိန်းချုပ်ရေး သဘောတူညီမှု သက်တမ်း ကုန်သွားပေမယ့် မဟာဗျူဟာမြောက် နျူကလီးယား လက်နက်တွေ တည်ငြိမ်မှု ရှိစေရေး ရုရှားက တာဝန်ရှိတဲ့အတိုင်း ဆက်လက် လုပ်ဆောင်သွားမှာ ဖြစ်ကြောင်း ကရင်မလင်နန်းတော် ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်စကော့ဗ်က ဖေဖော်ဝါရီ ၅ ရက်မှာ ပြောထားပါတယ်။
ဂရင်းလန်းအတွက် အနာဂတ် သဘောတူညီမှု မူဘောင် တစ်ရပ်ကို နေတိုးအဖွဲ့နဲ့ သဘောတူညီမှု ရယူထားကြောင်း ဒေါ်နယ် ထရန့်က ပြီးခဲ့တဲ့လမှာ ပြောဆိုထားတာပါ။
အဲဒီ သဘောတူညီမှုထဲမှာ အမေရိကန်ရဲ့ ဒုံးကျည် ကာကွယ်ရေးစနစ်ကို ဂရင်းလန်းမှာချထားမယ့် အစီအစဉ်လည်း ပါဝင်ပါတယ်။
အဲဒီ သဘောတူညီမှုကြောင့် ဒိန်းမတ်၊ ဂရင်းလန်းနဲ့ ဥရောပ မဟာမိတ်တွေကြား လနဲ့ချီပြီး တင်းမာမှု အရှိန်မြင့်တက်လာခဲ့ပါတယ်။
အမေရိကန်က ဂရင်းလန်းကို ရယူလိုကြောင်း ပြောဆိုထားပြီးနောက် ဂရင်းလန်းမှာ ဆန္ဒပြပွဲတွေလည်း ဖြစ်ပွားခဲ့ပါတယ်။
ရုရှားသမ္မတ ဒီမီထရီ မီဗီဒက်ဗ် လက်ထက် ၂၀၁၀ ပြည့်နှစ်က မော်စကိုနဲ့ ဝါရှင်တန်တို့ကြား နျူကလီးယားလက်နက် ထိန်းချုပ်ရေး သဘောတူညီမှုကို သမ္မတ အိုဘားမား လက်ထက်က လက်မှတ်ရေးထိုးခဲ့တာ ဖြစ်ပါတယ်။
အဲဒီ သဘောတူညီမှုအရ နျူကလီးယား စစ်ပွဲ ဖြစ်လာရင် နျူကလီးယား ထိပ်ဖူး အရေအတွက် တစ်ဖက်မှာ ၁၅၅၀ စီပဲ ရှိရမယ်လို့ ကန့်သတ်ထားပါတယ်။
တစ်နိုင်ငံချင်းစီရဲ့ ဒုံးကျည်နဲ့ ဒုံးကျည် လွှတ်စင် အရေးအတွက်ကိုလည်း အဲဒီ သဘောတူညီမှုက ကန့်သတ်ထားပါတယ်။
နျူကလီးယား လက်နက် သဘောတူညီမှု သက်တမ်း ကုန်သွားပြီ ဖြစ်တာကြောင့် ကမ္ဘာကြီးအနေနဲ့ သတိရှိသင့်ကြောင့် ရုရှား လုံခြုံရေးကောင်စီက ပြောဆိုထားပါတယ်။
Ref:USA Today

