လန်ဒန်၊ ဖေဖော်ဝါရီ ၆

ဗြိတိန်မှာ ပြီးခဲ့တဲ့ လေးနှစ်အတွင်း အိမ်ခြေရာမဲ့ ဒါမှမဟုတ် အိမ်ခြေယာမဲ့ ဖြစ်ဖို့ အန္တရာယ်ရှိတဲ့ ဒုက္ခသည် မိသားစုအရေအတွက် ၅ ဆပိုများလာကြောင်း ဘီဘီစီ သတင်းဌာနက လေ့လာ ဖော်ပြထားပါတယ်။

၂၀၂၁-၂၂ ခုနှစ်မှာ အိမ်ခြေရာမဲ့ ဒုက္ခသည် ၃၅၆၀ ရှိခဲ့ရာက ၂၀၂၄-၂၅ ခုနှစ်အတွင်း ၁၉၃၁၀ အထိ မြင့်တက်လာကြောင်း အင်္ဂလန်အတွက် အစိုးရရဲ့ စာရင်းဇယားတွေက ဖော်ပြထား ပါတယ်။

ဒီလို အရေအတွက် တိုးလာတာဟာ အစိုးရ မူဝါဒရဲ့ တိုက်ရိုက် ရလဒ် ဖြစ်တယ်လို့ ပရဟိတ အဖွဲ့တွေက ပြောပါတယ်။

ဗြိတိန် အစိုးရက ဒုက္ခသည်အဖြစ် အသစ်စက်စက် အသိအမှတ်ပြုထားသူတွေကို ဟိုတယ်တွေအပါအဝင် နေရာထိုင်ခင်းတွေကနေ ထွက်ခွာခိုင်းခဲ့တာကြောင့် အခုလို ဖြစ်လာရတာ ဖြစ်တယ်လို့ ပရဟိတ အဖွဲ့တွေက ပြောပါတယ်။

ဒုက္ခသည်တွေအနေနဲ့ ခိုလှုံခွင့်ပြုထားတဲ့ နေရာတွေကနေ အိမ်နဲ့ နေနိုင်အောင် ကူညီပေးရေး ကတိပြုထားကြောင်း ဗြိတိန်အစိုးရက ပြောထားပါတယ်။

ဒေသဆိုင်ရာ အာဏာပိုင်တွေကလည်း အိမ်ခြေရာမဲ့ ဖြစ်နိုင်တဲ့ အန္တရာယ်ကို လျှော့ချဖို့ ကြိုးပမ်းသွားမှာ ဖြစ်ကြောင်း ပြောဆိုထားတာပါ။

ဗြိတိန်ရဲ့ လူများပြားလွန်းတဲ့ ခိုလှုံခွင့်ပေးရေးစနစ်ကို ထိန်းချုပ်ဖို့ အစိုးရအဆက်ဆက် ခက်ခက်ခဲခဲကြိုးပမ်နေရချိန်မှာ အခုလို အိမ်ခြေရာမဲ့ ဒုက္ခသည် အရေအတွက် ပိုများလာတာ ဖြစ်ပါတယ်။

ဒုက္ခသည်အဖြစ် ခိုလှုံခွင့်ပြုရေး လျှောက်ထားသူ အများစုဟာ ခွင့်ပြုချက် ရရှိဖို့ ဒါမှမဟုတ်စစ်ဆေးမှု ခံယူဖို့ အချိန် အကြာကြီး စောင့်ဆိုင်းနေကြရပါတယ်။

အဲဒီလုပ်ငန်းစဉ်ဟာ တစ်ခါတလေမှာ လုံးဝ ရပ်တန့်သွားတတ်ပေမယ့် လေဘာပါတီက ဒုက္ခသည်အဖြစ် ခိုလှုံခွင့် လျှောက်ထားသူတွေအတွက် မြန်မြန်ဆန်ဆန် ဆုံးဖြတ်ချက် ချနိုင်ရေး အလိုရှိနေပါတယ်။

အသက် ၃၀ အောက် အရွယ် အမျိုးသမီး အများစု အကူအညီ တောင်းခံနေတာတွေ့ရကြောင်း အိမ်ခြေရာမဲ့ ဒုက္ခသည်တွေကို ကူညီပေးနေတဲ့ ပရဟိတ အဖွဲ့တစ်ဖွဲ့က ပြောပါတယ်။

ဒီလို ဒုက္ခသည်တွေထဲမှာ မိသားစု တစ်စုလုံး သတ်ဖြတ်ခံရပြီးနောက် ဆူဒန်နိုင်ငံကနေ ရောက်ရှိလာတဲ့ အမျိုးသမီးတွေလည်း ပါဝင်နေပါတယ်။

သူတို့လို လူတွေကို အစိုးရက ဟိုတယ်မှာ နေရာချထားပေးပြီး ၅ လလောက် အကြာမှာ ဒုက္ခသည်အဖြစ် ခိုလှုံခွင့် ပေးခဲ့ပေမယ့် သူတို့မှာ နေစရာ မရှိတာကြောင့် လမ်းဘေးမှာ တဲထိုး နေထိုင်ရပါတယ်။

သားသမီး မရှိတဲ့ အရွယ်ရောက်ပြီးသူတွေ အနေနဲ့ အစိုးရ စီမံပေးတဲ့ နေရာထိုင်ခင်း ရရှိဖို့က ဦးစားပေး အဆင့်မှာ မပါဝင်ဘူးလို့ သိရပါတယ်။

ဒုက္ခသည်အဖြစ် ခိုလှုံခွင့် ရရှိပြီးသူ တစ်ယောက်အနေနဲ့ အစိုးရ ရန်ပုံငွေ ထောက်ပံ့ထားတဲ့ နေရာထိုင်ခင်းကနေ ၂၈ ရက်အတွင်း ထွက်ခွာရမယ်လို့ သတ်မှတ်ထားပါတယ်။

အဲဒီလို အချိန်မှာ သူတို့အနေနဲ့ နေစရာ ရှာရမှာ ဖြစ်သလို အလုပ်လည်း ရှာဖွေရမှာ ဖြစ်ပါတယ်။

ဒုက္ခသည်တွေအတွက် နေစရာနဲ့ အလုပ်ရှာဖို့ ၂၈ ရက်ဆိုတဲ့ အချိန်ဟာ လုံလောက်မှု မရှိဘူးလို့ ပရဟိတ အဖွဲ့တွေက ပြောပါတယ်။

နောက်ဆုံးရ စာရင်းဇယားတွေအရ လန်ဒန်၊ မန်ချက်စတာနဲ့ လီဗာပူး အပါအဝင် အနောက်မြောက်ပိုင်းမှာ အိမ်ခြေရာမဲ့ ဒါမှမဟုတ် အိမ်ခြေရာမဲ့ ဖြစ်ဖို့ အန္တရာယ်ရှိတဲ့ ဒုက္ခသည် အများဆုံး ရှိကြောင်း ဖော်ပြနေပါတယ်။

လန်ဒန် အနောက်ပိုင်း ဟီလီဒန်ဒေသမှာ အဲဒီလို ဒုက္ခသည် အရေအတွက် သိသိသာသာ ပိုများလာနေတယ်လို့ သိရပါတယ်။

Ref:BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.