ဘန်ကောက်၊ ဖေဖော်ဝါရီ ၆

ဖေဖော်ဝါရီ ၈ ရက် ရွေးကောက်ပွဲ ကျင်းပတဲ့နေ့မှာ မဲပေးသူတွေအနေနဲ့ နံပါတ်ပါတဲ့ ရှပ်အင်္ကျီတွေ တီရှပ်တွေ မဝတ်ဆင်ကြဖို့ ထိုင်း ရွေးကောက်ပွဲအရာရှိတွေက တိုက်တွန်းထားပါတယ်။

အဲဒီလို နံပါတ်ပါတဲ့ အင်္ကျီတွေ ဝတ်ဆင်ပြီး မဲလာပေးရင် ကိုယ်စားလှယ်လောင်း တစ်ဦးဦးကို ထောက်ခံမဲပေးဖို့ တခြားလူတွေကို တိုက်တွန်းသလို ဖြစ်နေမှာ စိုးရိမ်တာကြောင့် အခုလို အကြံပေးရတာ ဖြစ်ကြောင်း ဘန်ကောက် ရွေးကောက်ပွဲကို ကြီးကြပ်ရေး တာဝန်ယူထားတဲ့ ဆမ်ဖန် ဆာအမ်ခမ်လပ်က ဖေဖော်ဝါရီ ၅ ရက်မှာ ပြောပါတယ်။

နံပါတ်တွေ ပါတဲ့ အင်္ကျီတွေ ဝတ်ဆင်လာရင် အဲဒီ နံပါတ်နဲ့ တူညီတဲ့ ကိုယ်စားလှယ်လောင်း ဒါမှမဟုတ် ပါတီကို မဲပေးအောင် စည်းရုံးသလို ဖြစ်နေနိုင်ကြောင်း သူက ပြောပါတယ်။

ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်း ဒါမှမဟုတ် သူတို့ရဲ့ လက်ထောက် အရာရှိတွေက ရွေးကောက်ပွဲ အရာရှိတွေဆီ တိုင်ကြားလာမယ်ဆိုရင် ဖြေရှင်းချက် ပေးရမှာ ဖြစ်ကြောင်းလည်း သူက ပြောပါတယ်။

ရွေးကောက်ပွဲနေ့မှာ မဲပေးသူတွေအနေနဲ့ နောက်ဆက်တွဲ ပြဿနာကို မစဉ်းစားမိဘဲ သူတို့ သဘောကျတဲ့ ဘောလုံးအင်္ကျီတွေ ဝတ်ဆင်လာကြမှာကို ရွေးကောက်ပွဲ အရာရှိတွေက စိုးရိမ်နေပါတယ်။

နံပါတ်ပါတဲ့ အားကစားဂျာစီ ဝတ်ဆင်ပြီး မဲလာပေးရင် ကိုယ်စားလှယ်လောင်း တစ်ဦးဦးကို မဲပေးဖို့ စည်းရုံးတာပဲလို့ ရှုမြင်မှာ ဖြစ်ကြောင်း ထိုင်းရွေးကောက်ပွဲ အရာရှိတွေက ပြောပါတယ်။

အင်္ကျီ အရောင်နဲ့ ပတ်သက်လို့ မေးမြန်းရာမှာ ရွေးကောက်ပွဲ ကြီးကြပ်ရေး အရာရှိ ဆမ်ဖန် ဆာအမ်ခမ်လပ်က အရောင်ကတော့ ပြဿနာ မရှိလောက်ဘူးလို့ ပြောပါတယ်။

ထိုင်းနိုင်ငံရဲ့ အထွေထွေ ရွေးကောက်ပွဲနဲ့ ဖွဲ့စည်းပုံ ပြင်ဆင်ရေး လူထုဆန္ဒခံယူပွဲကို ဖေဖော်ဝါရီ ၈ ရက်မှာ ကျင်းပမှာ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံမှာ ရွေးကောက်ပွဲ နီးလာချိန် အမျိုးသားရေးဝါဒ ခေါင်းထောင်လာပြီး နိုင်ငံခြားသား မုန်းတီးမှု ပြဿနာ ဖြစ်ပွားနေပါတယ်။

Ref:Bangkokpost

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.