မော်လမြိုင် ၊ ဖေဖော်ဝါရီ ၃

စစ်အုပ်စုဘက်ကနေ ဖိအားပေးလုပ်လာမယ့် အတုအယောင်ငြိမ်းချမ်းရေးကို တော်လှန်ရေးအင် အားစုတွေအနေနဲ့ ထားရှိခဲ့တဲ့ ကတိကဝတ်တွေအပေါ် အခြေခံပြီး ဆန့်ကျင်သွားကြဖို့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ NUCC က တိုက်တွန်းလိုက်ပါတယ်။

ဖေဖော်ဝါရီ ၁ ရက်နေ့မှာ ထုတ်ပြန်ခဲ့တဲ့ NUCC ရဲ့ ၂၀၂၅ ခုနှစ်အတွင်း လုပ်ဆောင်ချက်တွေ၊ အောင် မြင်မှုတွေ၊ အခက်အခဲတွေ အခုနှစ်အတွင်း ဦးစားပေးကိစ္စတွေနဲ့ တော်လှန်ရေးအင်အားစုအသီးသီးသို့ တိုက်တွန်းချက်တွေကို ထည့်သွင်းထားတဲ့ ပြည်သူသို့ အစီရင်ခံစာမှာ ဖော်ပြထားတာပါ။

NUCC ၊ NUG နဲ့ CRPH တို့ဟာ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် အစိတ်အပိုင်း ၁ နဲ့ အစိတ်အပိုင်း ၂ အရ တော်လှန်ရေးအင်အားစုအသီးသီးရဲ့ သဘောတူ ကတိကဝတ်ပြုချက်တွေအရ တရားဝင်စည်းနှောင်မှုရှိတဲ့ အဖွဲ့အစည်းတွေ ဖြစ်ကြတယ်လို့ ဆိုပါတယ်။

ဒါကြောင့် အဲဒီ အစိတ်အပိုင်း ၁ နဲ့ ၂ မှာ ပါဝင်တဲ့ တော်လှန်ရေးအင်အားစုအသီးသီးရဲ့ သဘောတူ ကတိကဝတ်ပြုချက်တွေဖြစ်တဲ့ လမ်းပြမြေပုံ၊ ရည်ရွယ်ချက်တွေ မူဝါဒတွေနဲ့ စံတန်ဖိုးတွေကို အခြေခံလုပ်ဆောင်ဖို့ တာဝန်ရှိတယ်လို့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။

ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်ကို တော်လှန်ရေးရဲ့ ဖြစ်ပေါ်တိုးတက်မှုတွေနဲ့အညီ နည်းမှန် လမ်းမှန် ပြုပြင်ပြောင်းလဲပြီး မြင်သာတဲ့ အပြောင်းအလဲတွေကို ပြုလုပ်သွားမှာဖြစ်လို့ NUCC နဲ့အတူ ပူးပေါင်းလုပ်ဆောင်ကြဖို့ တော်လှန်ရေးအင်အားစုတွေကို တိုက်တွန်းတာပါ။

ဒါဟာ ကတိကဝတ်ပြုထားတဲ့ စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်စနစ်ဟူသမျှ ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးကို အခြေခံပြီး ပြုပြင်ပြောင်းလဲရေးလုပ် ငန်းတွေကို လုပ်ဆောင်ကြဖို့ ဖြစ်ပါတယ်။

NUCC ကနေ ယာယီရပ်ဆိုင်းထားတဲ့ အဖွဲ့အစည်းတွေအနေနဲ့လည်း ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်မှာ သဘောတူ ကတိကဝတ်ပြုထားကြတာတွေ လမ်းပြမြေပုံ၊ အသွင်ကူးပြောင်းရေးကာလဆိုင်ရာ သဘောတူညီချက်တွေအတိုင်း ဆက်လက်ရပ်တည် လုပ်ဆောင်သွားကြဖို့ တိုက်တွန်းထားတာပါ။

မကြာမီ စစ်အုပ်စုဘက်ကနေ ပုံသဏ္ဌာန်မျိုးစုံနဲ့ ဖိအားပေးလုပ်ဆောင်လာမယ့် အတုအယောင်ငြိမ်းချမ်းရေးကိုလည်း ထားရှိခဲ့တဲ့ ကတိကဝတ်တွေအပေါ် အခြေခံပြီး ပူးပေါင်းဆန့်ကျင်ကြဖို့ကိုလည်း တိုက်တွန်းထားပါသေးတယ်။

တော်လှန်ရေးမှာ စွမ်းစွမ်းတမံ ရပ်တည်တိုက်ပွဲဝင်နေတဲ့ အင်အားစုတွေအနေနဲ့လည်း နွေဦးတော် လှန်ရေးရဲ့ အဓိကရည်မှန်းချက်တွေအတွက် ဆက်လက်ရပ်တည် တိုက်ပွဲဝင်သွားကြဖို့နဲ့ မိတ်ဖက်အင်အားစုတွေကြား ဖြစ်နိုင်သမျှ နည်းလမ်းတွေနဲ့ ပူးပေါင်းလုပ်ဆောင်သွားကြဖို့ ဖြစ်ပါတယ်။

NUCC အနေနဲ့ တော်လှန်ရေးရဲ့ ဦးဆောင်မှုကို ပိုမို ခိုင်မာအားကောင်းစေရေး စုစည်းခြင်းလုပ်ငန်း စဉ်ဟာ အဓိကဖြစ်လို့ အဖွဲ့ဝင်အဖြစ် မပါဝင်သေးတဲ့ အခြားတော်လှန်ရေးအင်အားစုတွေကိုပါ စု စည်းချိတ်ဆက်သွားမယ်လို့ ဆိုပါတယ်။

အခုအချိန်မှာ စုစည်းချိတ်ဆက်မှုတွေကို ကြိုးပမ်းလုပ်ဆောင်နေပြီး တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းတွေ ထပ်မံပေါ်ပေါက်လာတဲ့ ဖက်ဒရယ်ယူနစ်တွေကိုလည်း ဖိတ်ခေါ် ညှိနှိုင်းစုစည်းသွားမယ်လို့ အစီရင်ခံစာမှာ အသိပေးထားတာပါ။

၂၀၂၆ ခုနှစ်ရဲ့ အရေးကြီးလုပ်ငန်းစဉ်မှာ တတိယအကြိမ် ပြည်သူ့ညီလာခံ ကျင်းပနိုင်ရေးကို ဦးစား ပေးအဖြစ် ထည့်သွင်းထားပြီး ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် အစိတ်အပိုင်း ၂ ပြင်ဆင်ရေးကို အခုနှစ်အတွင်း အပြီးသတ်လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

ဖက်ဒရယ်အသွင်ကူးပြောင်းရေး အစီအမံများ ဆိုင်ရာ အခြေခံဥပဒေ AFTA ရေးဆွဲခြင်းနဲ့ ဘုံနိုင်ငံရေးသဘောတူညီချက် CPA ရရှိရေး လုပ်ငန်းစဉ်တွေကိုလည်း ၂၀၂၆ ခုနှစ် ပထမနှစ်ဝက်အတွင်း ပြီးပြတ်အောင် ကြိုးပမ်းလုပ်ဆောင်သွားမယ်လို့ NUCC က အသိပေးထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.