ကလေး၊ ဖေဖော်ဝါရီ ၃

စစ်ကိုင်းတိုင်း ကလေးမြို့နယ် မော်လိုက်အကျဉ်းထောင်မှာ ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့ အကျဉ်းသူ ၁၅ ဦးထက်မနည်း တိုက်ပိတ်ခံထားရတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ထံက သိရပါတယ်။

စစ်အုပ်စု မတရား အာဏာသိမ်းထားတဲ့ ၅ နှစ်ပြည့် ဖေဖော်ဝါရီ ၁ ရက်နေ့က မော်လိုက်အကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသူ အပါအဝင် အကျဉ်းသူဦးရေ ၁၀၀ ကျော်ဟာ သွေးသစ္စာသီချင်းကို သံပြိုင်သီဆိုခဲ့တာပါ။

သွေးသစ္စာသီချင်း သီဆိုပြီး ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြတဲ့ နိုင်ငံရေးအကျဉ်းသူတွေအပါအဝင် အခြားအမှုနဲ့ အကျဉ်းကျနေတဲ့ အကျဉ်းသူ ၁၅ ဦးထက်မနည်း တိုက်ပိတ်ခံထားရတယ်လို့ PPNM ရဲ့ ပြန်ကြားရေး တာဝန်ခံ မရောင်းနီလင်းက သံလွင်တိုင်းမ်ကို ပြောပါတယ်။

လက်ရှိမှာ ကလေးအကျဉ်းထောင်နဲ့ ပတ်သက်ပြီး သတင်းအချက်အလက်တွေကို ဆက်လက်စုံစမ်းနေသလို အကျဉ်းသူ ၁၅ ဦးရဲ့ လုံခြုံရေးအခြေအနေနဲ့ ရိုက်နှက် ညှင်းပန်းနှိပ်စက်မှု အခြေအနေကို ဆက်လက်စုံစမ်းနေတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၅ ရက်နေ့ကလည်း မကွေးအကျဉ်းထောင်မှာ ထောင်အာဏာပိုင်တွေက နိုင်ငံရေးအကျဉ်းသား ၃၅ ဦးကို မတရား ရိုက်နှက်ပြီး တိုက်ပိတ်ထားတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.