ရေး၊ ဇန်နဝါရီ ၈
မွန်ပြည်နယ် ရေးမြို့နယ်မှာ စစ်ကော်မရှင်က ရွေးကောက်ပွဲ မဲလာပေးကြဖို့ အသံချဲ့စက်တွေနဲ့ နေ့စဉ်လိုက်လံနှိုးဆော်နေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
စစ်ကော်မရှင်ဟာ ဇန်နဝါရီ ၁ ရက်နေ့ကစလို့ ရေးမြို့နယ်ရှိ ရပ်ကွက်ကျေးရွာတွေမှာ ရွေးကောက်ပွဲ မဲလာပေးကြဖို့ အသံချဲ့စက်တွေနဲ့ လိုက်လံနှိုးဆော်နေတာ ဖြစ်ပါတယ်။
ဒေသခံတွေရဲ့ ပြောပြချက်အရ စစ်ကော်မရှင်ဘက်က မဲလာပေးဖို့ နေ့တိုင်းလိုက်လံနှိုးဆော်နေပေမယ့် ရပ်ကွက်ရုံးတွေမှာ ကပ်ထားတဲ့ မဲစာရင်းတွေကိုတောင် သွားကြည့်သူမရှိသလောက် နည်းပါးနေတယ်လို့ ဆိုပါတယ်။
စစ်ကော်မရှင်ဟာ လာမယ့် ဇန်နဝါရီ ၁၁ ရက်နေ့မှာ ရွေးကောက်ပွဲ အပိုင်း ၂ အဖြစ် မွန်ပြည်နယ်ရဲ့ ရေး၊ သံဖြူဇရပ်၊ မုဒုံ၊ ပေါင်နဲ့ဘီးလင်းမြို့နယ်တို့မှာ ကျင်းပပြုလုပ်သွားဖို့ ရှိနေပါတယ်။
တော်လှန်ရေးတပ်ဖွဲ့တွေ လှုပ်ရှားမှု အားကောင်းတဲ့ ရေးမြို့နယ်မှာ ရွေးကောက်ပွဲ ကျင်းပဖို့ စစ်ကော်မရှင်ဘက်က လုံခြုံရေး အင်အားအများအပြား အသုံးပြုထားပြီး လမ်းပိုင်းတချို့ကိုလည်း ဖြတ်သန်းသွားခွင့် ပိတ်ပင်ထားတာပါ။
ရေးမြို့နယ်မှာ စစ်ကော်မရှင် ကျင်းပမယ့် ရွေးကောက်ပွဲကို မွန်ညီညွှတ်ရေးပါတီအပါအဝင် နိုင်ငံရေးပါတီ ရှစ်ခု ဝင်ရောက်ယှဉ်ပြိုင်သွားမယ်လို့ ရွေးကောက်ပွဲ ကော်မရှင်ရဲ့ အချက်အလက်တွေအရ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – CJ

