ချောင်းဆုံ၊ ဇန်နဝါရီ ၈
ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီကနေ ဝင်ရောက်ယှဉ်ပြိုင်တဲ့ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းဟာ ကြိုတင်မဲနဲ့ ရွေးကောက်ပွဲ အနိုင်ရရှိခဲ့တယ်လို့ စစ်ကော်မရှင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။
ကော်မရှင်ရဲ့ ထုတ်ပြန်ချက်အရ ချောင်းဆုံမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်နေရာကနေ ဝင်ရောက်ယှဉ်ပြိုင်တဲ့ ဦးအောင်ကြည်သိန်းဟာ မဲရုံမဲအရေအတွက် ၁၉,၀၀၀ နီးပါး၊ ကြိုတင်မဲ ၂,၁၀၀ ကျော် ၊ စုစုပေါင်း မဲအရေအတွက် ၂၁,၀၀၀ ကျော် ရရှိခဲ့ပါတယ်။
ဒုတိယမဲအများဆုံး ရရှိတဲ့ မွန်ညီညွတ်ရေးပါတီ ကိုယ်စားလှယ်လောင်း ဦးနိုင်ထွန်းဦးက မဲရုံမဲအရေအတွက် ၂၀၀၀၀ ကျော်၊ ကြိုတင်မဲ ၅၈၀ ကျော် ၊စုစုပေါင်း မဲအရေအတွက် ၂၀,၆၀၀ ကျော် ရရှိခဲ့တာ ဖြစ်ပါတယ်။
ရွေးကောက်ပွဲ ကော်မရှင်ရဲ့ အချက်အလက်အရ ဦးအောင်ကြည်သိန်းဟာ ကြိုတင်မဲ ၂၀၀၀ ကျော်ကြောင့် ရွေးကောက်ပွဲ အနိုင်ရရှိခဲ့တာ ဖြစ်ပြီး မဲရလဒ်ကွာခြားမှုကနေ ၅၀၀ ကျော်သာ ရှိနေတာပါ။
ကြိုတင်မဲကြောင့် ဦးအောင်ကြည်သိန်း ရွေးကောက်ပွဲ အနိုင်ရရှိမှုအပေါ် ဒေသခံပြည်သူတွေအကြား မေးခွန်းထုတ်တာနဲ့ သံသယတွေရှိနေတာ ဖြစ်ပါတယ်။
မွန်ပြည်နယ်မှာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၈ ရက်နေ့က ရွေးကောက်ပွဲ အပိုင်း ၁ ကျင်းပခဲ့တဲ့ ကျိုက်ထို၊သထုံ၊ မော်လမြိုင်၊ချောင်းဆုံနဲ့ ကျိုက်မရောတို့မှာ စစ်ဗိုလ်ချုပ်တွေ ဦးဆောင်တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီကသာ အများဆုံး အနိုင်ရရှိခဲ့ပါတယ်။
သတင်း – သံလွင်တိုင်းမ်

