ဘေဂျင်း၊ ဇန်နဝါရီ ၇

ဂျပန်ရဲ့ စစ်ဖက်ဆိုင်ရာ ရည်ရွယ်ချက်တွေအတွက်လည်း အသုံးပြုလို့ရတဲ့ နှစ်မျိုးသုံး ကုန်စည်တွေ ဂျပန်သို့ တင်ပို့မှုကို တရုတ်က ဇန်နဝါရီ ၆ ရက်မှာ တားမြစ်လိုက်ပါတယ်။

တရုတ်က သူတို့ရဲ့ အချုပ်အခြာ အာဏာပိုင် နယ်မြေ ဖြစ်တယ်လို့ ပြောထားတဲ့ ကိုယ်ပိုင် ဒီမိုကရေစီ စနစ်နဲ့ အုပ်ချုပ်နေတဲ့ ထိုင်ဝမ်နဲ့ပတ်သက်လို့ နှစ်နိုင်ငံ တင်းမာမှု မြင့်တက်နေချိန်မှာ ဘေဂျင်းရဲ့ အခုလို လုပ်ရပ် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

ဂျပန်ရဲ့ စစ်အင်အားကို တိုးမြှင့်ဖို့အတွက် အသုံးပြုနိုင်တဲ့ အရပ်ဖက်အတွက်ရော စစ်ဖက်အတွက်ပါ အသုံးပြုနိုင်တဲ့ အဲဒီလို ကုန်ပစ္စည်းတွေ တင်ပို့မှုကို တားမြစ်လိုက်ကြောင်း တရုတ် စီးပွားရေး ဝန်ကြီးဌာနက ကြေညာချက် တစ်ရပ်မှာ ဖော်ပြထားပါတယ်။

တရုတ်နိုင်ငံက ထုတ်လုပ်တဲ့ အဲဒီလို ထုတ်ကုန်တွေကို ဂျပန်သို့ လွှဲပြောင်းပို့ဆောင်တဲ့ လူပုဂ္ဂိုလ်တွေ ဒါမှမဟုတ် အဖွဲ့အစည်းတွေကို သူတို့ ဘယ်နေရာကပဲ ဖြစ်ဖြစ် ဥပဒေအရ အရေးယူသွားမှာ ဖြစ်ကြောင်းလည်း တရုတ် စီးပွားရေးဝန်ကြီးဌာနက ပြောပါတယ်။

အဲဒီ ကြေညာချက်မှာ တင်ပို့မှု တားမြစ်လိုက်တဲ့ ကုန်ပစ္စည်း အမျိုးအမည်တွေကို ဖော်ပြမထားပေမယ့် ဒရုန်းတွေနဲ့ ဆက်သွယ်သွားလာရေးဆိုင်ရာ ကုန်ပစ္စည်းတွေ ဖြစ်နိုင်တယ်လို့ လေ့လာသူတွေက ပြောပါတယ်။

တရုတ်ရဲ့ ကြေညာချက်နဲ့ပတ်သက်လို့ ဂျပန်က တုံ့ပြန်မှု မရှိသေးပါဘူး။

တရုတ်က ထိုင်ဝမ်ကို သိမ်းပိုက်ဖို့ ကြိုးပမ်းရင် ဂျပန်က စစ်ရေးအရ ဝင်ပါရလိမ့်မယ်လို့ ဂျပန်ဝန်ကြီးချုပ် ဆာနေး တာကာအိချီက ပြောကြားခဲ့ပြီးနောက် တရုတ်နဲ့ ဂျပန်ကြား တင်းမာမှုတွေ စတင် မြင့်တက်လာခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာက ဂျပန် တိုက်လေယာဉ်တွေကို တရုတ် တိုက်လေယာဉ်က ရေဒါနဲ့ ချိန်ရွယ်ခဲ့တယ်လို့ ဂျပန်က ပြောထားပါတယ်။

နှစ်ဖက် တိုက်လေယာဉ်တွေကြား ဘေးအန္တရာယ်ကင်းတဲ့ အကွာအဝေး ရှိနေပေမယ့် တရုတ် တိုက်လေယာဉ်က ရေဒါနဲ့ ချိန်ရွယ်ခဲ့တာ ဖြစ်တယ်လို့ ဂျပန်က ပြောပါတယ်။

တရုတ်ရဲ့ အန္တရာယ် ပိုများလာမှုကြောင့် ဂျပန်က သူတို့ရဲ့ နှစ်စဉ် စစ်ရေး အသုံးစရိတ်ကို စံချိန်တင် တိုးမြှင့်ထားပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်က ထိုင်ဝမ်အနီး နေရာ ၅ နေရာမှာ တရုတ်က လက်တွေ့ ပစ်ခတ်တဲ့ စစ်ရေး လေ့ကျင့်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

မိမိတို့ရဲ့ စစ်ရေး လေ့ကျင့်မှုတွေက ခွဲထွက်ရေး အင်အားစုတွေနဲ့ ပြည်ပက ကူညီနေတဲ့ အင်အားစုတွေကို သတိပေးဖို့ ရည်ရွယ်ထာ ဖြစ်တယ်လို့ ဘေဂျင်းက ပြောကြားခဲ့ပါတယ်။

အဲဒီအချိန်က တရုတ် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ထိုင်ဝမ် ခွဲထွက်ရေး အင်အားစုတွေကိုရော ဂျပန်ကိုပါ ပြစ်တင် ရှုတ်ချခဲ့ပါတယ်။

ဂျပန်ရဲ့ လက်ရှိ ခေါင်းဆောင်တွေဟာ တရုတ်ရဲ့ နယ်နိမိတ်ဆိုင်ရာ အချုပ်အခြာ အာဏာနဲ့ စစ်မက် ကာလအလွန် နိုင်ငံတကာ စီစဉ်တကျရှိမှု နှစ်ခုစလုံးကို စိန်ခေါ်နေတယ်လို့ ဝန်ကြီး ဝမ်ယိက ဆိုပါတယ်။

ဇန်နဝါရီ ၅ ရက်က တောင်ကိုရီးယားသမ္မတ လီဂျေးမြောင်နဲ့ တွေ့ဆုံချိန်မှာ တရုတ်သမ္မတ ရှီကျင့်ဖျင်က တောင်ကိုရီးယားအနေနဲ့ မှန်ကန်တဲ့ ရွေးချယ်မှု ပြုလုပ်သင့်တယ်လို့ ပြောပါတယ်။

ဒုတိယကမ္ဘာစစ်က အောင်ပွဲရရှိခဲ့တဲ့ အသီးအပွင့်တွေကို နှစ်နိုင်ငံစလုံးက ကာကွယ်ဖို့လည်း ရှီက တိုက်တွန်း ပြောဆိုခဲ့ပါတယ်။

ဂျပန်ဟာ တရုတ်နဲ့ တောင်ကိုရီးယားရဲ့ ရာဇဝင်ဆိုင်ရာ ပြိုင်ဖက် ဖြစ်တယ်လို့လည်း ရှီက ပြောဆိုခဲ့ပါတယ်။

Ref:AP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.