တီဟီရန်၊ ဇန်နဝါရီ ၇

အီရန်နိုင်ငံတဝှမ်း ပြီးခဲ့တဲ့ ၁၀ ရက်တာ ဆန္ဒပြပွဲတွေအတွင်း လူ ၃၆ ဦးထက်မနည်း သတ်ဖြတ်ခံခဲ့ရတယ်လို့ လူ့အခွင့်အရေးအဖွဲ့ တစ်ဖွဲ့က ပြောလိုက်ပါတယ်။

သေဆုံးကြောင်း အတည်ပြုထားသူတွေထဲက ၃၄ ဦးဟာ ဆန္ဒပြသူတွေ ဖြစ်ပြီး ကျန် ၂ ဦးကတော့ လုံခြုံရေးတပ်ဖွဲ့နဲ့ ဆက်စပ်သူတွေ ဖြစ်တယ်လို့ ပြည်ပအခြေစိုက် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများ သတင်းအေဂျင်စီ HRANA က ပြောပါတယ်။

တရားဝင် သေဆုံးသူ အရေအတွက်ကို အီရန် အာဏာပိုင်တွေက လူသိရှင်ကြား ကြေညာထားတာ မရှိပေမယ့် လုံခြုံရေးတပ်ဖွဲ့ဝင် ၃ ဦး သေဆုံးတယ်လို့ ပြောထားပါတယ်။

ဒေသတွင်း ဘီဘီစီသတင်းဌာနက အဲဒီ လူသေဆုံးမှုတွေကို အတည်ပြုထားပြီး အဲဒီအထဲက ၂၀ ဦးကို ဘယ်သူဘယ်ဝါတွေ ဖြစ်ကြောင်း ဖော်ထုတ်ထားပါတယ်။

ဆန္ဒပြသူတွေ ၆၀ ကျော်လောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ HRANA က ပြောကြားပြီး မငြိမ်သက်မှု အတွင်း ဖမ်းဆီးခံရသူ ၂၀၆၇ ဦး ရှိကြောင်း ဖော်ပြထားပါတယ်။

စီးပွားရေး အကြပ်အတည်းကြောင့် ဖြစ်ပေါ်လာခဲ့တဲ့ ဆန္ဒပြပွဲတွေဟာ အီရန်ရဲ့ ပြည်နယ် ၃၁ ခုထဲက ၂၇ ခုသို့ ပျံ့နှံ့သွားပြီ ဖြစ်ပါတယ်။

ဇန်နဝါရီ ၆ ရက် ညနေပိုင်းက နိုင်ငံအနောက်ပိုင်း အီလမ်ပြည်နယ် မာလက်ခ်ရှာဟီမြို့မှာ အဓိကရုဏ်း ဆင်နွှဲသူတွေက ရဲတပ်ဖွဲ့ဝင် တစ်ဦးကို ပစ်သတ်ခဲ့တယ်လို့ အီရန်အစိုးရ တစ်စိတ်တစ်ပိုင်း ပိုင်ဆိုင်ထားတဲ့ မီဒီယာက ဖော်ပြပါတယ်။

အဲဒီမြို့မှာ ပြီးခဲ့တဲ့ရက်ပိုင်းက ဆန္ဒပြပွဲတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်နေချိန် လုံခြုံရေး တပ်ဖွဲ့တွေက အကြမ်းဖက် နှိမ်နှင်းခဲ့တာပါ။

တီဟိရန်မြို့ ဗဟိုဈေးကြီးမှာ အီရန် ထိပ်တန်းဘာသာရေး ခေါင်းဆောင်တွေ သေဆုံးပါစေဆိုတဲ့ ကြွေးကြော်သံတွေ အော်ဟစ်နေကြတဲ့ ဆန္ဒပြသူတွေနဲ့ ပဋိပက္ခ ဖြစ်ပွားချိန် လုံခြုံရေးတပ်ဖွဲ့က မျက်ရည်ယိုဗုံးတွေနဲ့ ပစ်ခတ်ခဲ့တာကို ဗီဒီယိုဖိုင်တွေမှာ မြင်တွေ့ရပါတယ်။

အမေရိကန် ဒေါ်လာနဲ့ လဲလယ်ရာမှာ အီရန် ငွေကြေး တန်ဖိုး ကျဆင်းနေမှုကို ဈေးသည်တွေ မကျေနပ်ရာက မြို့တော် တီဟီရန်မှာ ဒီဇင်ဘာ ၂၈ ရက်က စလို့ ဆန္ဒပြခဲ့ကြပြီး နိုင်ငံတဝှမ်း ပျံ့နှံ့သွားခဲ့တာ ဖြစ်ပါတယ်။

အီရန် နိုင်ငံသုံး ရီယယ် ငွေတန်ဖိုးဟာ ပြီးခဲ့တဲ့နှစ်က စံချိန်တင် လျော့ကျခဲ့ပြီး ငွေကြေး ဖောင်းပွမှု ၄၀ ရာခိုင်နှုန်းအထိ မြင့်တက်လာပါတယ်။

အီရန်ရဲ့ နျူကလီးယား စီမံကိန်းနဲ့ ပတ်သက်လို့ ချမှတ်ခံထားရတဲ့ ဒဏ်ခတ် ပိတ်ဆို့မှုတွေကြောင့် စီးပွားရေး ကြပ်တည်းနေပြီး စီမံခန့်ခွဲမှု အလွဲအမှားတွေ၊ အကျင့်ပျက် ခြစားမှုတွေကြောင့်လည်း စီးပွားရေး နလန်ထူဖို့ ခက်ခ နေပါတယ်။

ဆန္ဒပြပွဲတွေမှာ တက္ကသိုလ်ကျောင်းသားတွေလည်း ပါဝင်လာခဲ့ပြီးနောက် နိုင်ငံတဝှမ်းသို့ ပျံ့နှံ့သွားခဲ့တာ ဖြစ်ပါတယ်။

ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို သတ်ဖြတ်မယ်ဆိုရင် အမေရိကန်က ကြားဝင် ဖြေရှင်းမှာဖြစ်ကြောင်း သမ္မတ ဒေါ်နယ် ထရန့်က ပြောထားပါတယ်။

ထရန့် သတိပေးပြီး နောက်တစ်ရက်မှာ အီရန်ရဲ့ အဆုံးစွန်အာဏာစွဲကိုင်ထားသူ ထိပ်တန်း ခေါင်းဆောင် အယာတိုလာ အလီ ခါမေနီက အဓိကရုဏ်း ဆင်နွှဲသူတွေကို ထိန်းချုပ်သင့်ပြီး ရန်သူကို အလျှော့ပေးမှာ မဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။

တရားရေး အကြီးအကဲ ဂိုလမ်ဟိုစိန် မိုစီနီ အီဂျီကလည်း အဲဒီ လေသံ အတိုင်းပဲ ပြောထားပါတယ်။

မိမိတို့ စားဝတ်နေရေးနဲ့ ပတ်သက်လို့ စိုးရိမ်ကြောင်း တရားနည်းလမ်းကျကျ မှန်မှန်ကန်ကန် ဆန္ဒထုတ်ဖော်သူတွေရဲ့ အသံတွေကို နားထောင်ပေးမှာ ဖြစ်ပေမယ့် အဓိကရုဏ်း ဆင်နွှဲသူတွေကို သက်ညှာပေးမှာ မဟုတ်ဘူးလို့ တရားရေးအကြီးအကဲက တုံ့ပြန်ပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်ဇ်ကတော့ ဆန္ဒပြသူတွေနဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေကြား ပဋိပက္ခတွေကြောင့် သေဆုံးမှုတွေ ထိခိုက်ဒဏ်ရာရမှုတွေကြောင့် အများကြီး ဝမ်နည်းမိတယ်လို့ ပြောထားပါတယ်။

Ref:BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.