ကာရာကတ်စ်၊ ဇန်နဝါရီ ၆
သမ္မတ နီကိုလာ့စ် မာဒူရိုကို အမေရိကန်က ဖမ်းဆီးလိုက်တာဟာ လူသားမျိုးနွယ်အတွက်၊ လွတ်လပ်မှုနဲ့ လူသား ဂုဏ်သိက္ခာအတွက် ကြီးမားတဲ့ ခြေလှမ်းဖြစ်တယ်လို့ ဗင်နီဇွဲလား အတိုက်အခံ ခေါင်းဆောင် မာရီယာ ကော်ရီနာ မာချာဒိုက ပြောပါတယ်။
မာဒူရိုနဲ့ သူ့ဇနီးကို အမေရိကန် အကြမ်းဖက်နှိမ်နှင်းရေး အထူးတပ်ဖွဲ့က ကာရာကတ်စ်မြို့ကို ဝင်ရောက် ဖမ်းဆီးခဲ့ပြီး နယူးယောက် တရားရုံးမှာ မူးယစ်ဆေးဝါး စွဲချက်တွေနဲ့ ရုံးတင် စစ်ဆေးနေပါတယ်။

မာဒူရိုက သူဟာ ဗင်နီဇွဲလားသမ္မတအဖြစ် ရှိနေဆဲ ဖြစ်ပြီး ပြန်ပေးဆွဲခံရတာ ဖြစ်တယ်လို့ ထွက်ဆိုပြီးတော့ စွဲချက်တွေကို ငြင်းပယ်ထားပါတယ်။
မာဒူရိုကို ဖမ်းဆီးလိုက်တဲ့အတွက် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ကို ကျေးဇူးတင်ကြောင်း မာချာဒိုက ပြောပါတယ်။
အာဏာရှင်ကို ဆန့်ကျင်တိုက်ပွဲဝင်မှုကြောင့် ချီးမြှင့်ခံရတဲ့ နိုဘယ် ငြိမ်းချမ်းရေးဆုကို လက်ခံရယူဖို့ မာချာဒိုဟာ ပြီးခဲ့တဲ့လက နော်ဝေးသို့ ရောက်ရှိလာခဲ့ပြီး ဗင်နီဇွဲလားသို့ မပြန်ရသေးပါဘူး။

မာဒူရိုက သူ့အပေါ် စွဲတင်ထားတဲ့ မူးယစ်ဆေးဝါး မှောင်ခိုကူးမှု စွဲချက်တွေနဲ့ တခြား စွဲချက်တွေကို တရားရုံးမှာ ပယ်ချသွားခဲ့ပြီး အပြစ်မရှိဘူးလို့ ထွက်ဆိုခဲ့ပါတယ်။
အသက် ၅၈ နှစ်အရွယ် မစ္စစ် မာချာဒိုဟာ ဗင်နီဇွဲလားမှာ လူအများ လေးစားခံရတဲ့ အတိုက်အခံ ခေါင်းဆောင် ဖြစ်ပြီး နိုဘယ်ဆု ချီးမြှင့်ခံရတဲ့အချိန်အထိ ဗင်နီဇွဲလားနိုင်ငံထဲမှာပဲ ပုန်းအောင်းနေခဲ့တာ ဖြစ်ပါတယ်။
သူဟာ ၂၀၂၄ သမ္မတရွေးကောက်ပွဲ ဝင်ပြိုင်ခွင့် တားမြစ်ခံထားရပြီးနောက် သူ့ကိုယ်စား ဝင်ရောက် ယှဉ်ပြိုင်တဲ့ ကိုယ်စားလှယ်လောင်း အက်မွန်ဒို ဂွန်ဇာလက်ဇ်အတွက် မဲဆွယ်ပေးခဲ့ပါတယ်။
ဂွန်ဇာလက်ဇ် အပြတ်အသတ် အနိုင်ရကြောင်း မဲအရေအတွက်တွေက ဖော်ပြနေပေမယ့် မာဒူရို အနိုင်ရကြောင်း ကြေညာခဲ့ပါတယ်။
ဖမ်းဆီးမယ်လို့ အကြိမ်ကြိမ် ခြိမ်းခြောက်ခံခဲ့ရတဲ့ ကလေးသုံးယောက် မိခင် မာချာဒိုဟာ ပြီးခဲ့တဲ့နှစ်က အချိန်အများစုမှာ ပုန်းအောင် နေထိုင်ခဲ့ရပါတယ်။
သူက ဖမ်းဆီးခံရနိုင်တဲ့ အန္တရာယ်များလွန်းပေမယ့် ဗင်နီဇွဲလားသို့ ပြန်လာမှာ ဖြစ်ကြောင်း ပြောထားပေမယ့် အဲဒါက မာဒူရို ဖမ်းဆီးမခံရခင် ပြောကြားခဲ့တာ ဖြစ်ပါတယ်။
ဇန်နဝါရီ ၅ ရက် မနက်က မာဒူရိုကို ရုံးထုတ်တဲ့ အချိန်မှာ သူက သူဟာ စစ်အကျဉ်းသား တစ်ယောက် ဖြစ်ပြီး အပြစ်မရှိဘူးလို့ ထွက်ဆိုခဲ့သလို သူ့ဇနီးကလည်း သူ့မှာ အပြစ်မရှိဘူးလို့ ထွက်ဆိုခဲ့ပါတယ်။
Ref:BBC

