ဘန်ကောက်၊ ဇန်နဝါရီ ၆
၁၀ ရက်ကြာပြီဖြစ်တဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုကို ကမ္ဘောဒီးယားက ဇန်နဝါရီ ၆ ရက်က ချိုးဖောက်ပြီး နယ်စပ်ဖြတ်ကျော် မော်တာသေနတ်နဲ့ ပစ်ခတ်မှုကြောင့် စစ်သား တစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ထိုင်းက ပြောပါတယ်။
ဖနွမ်းပင်အစိုးရကတော့ အမှိုက်ပုံ ပေါက်ကွဲမှု ဖြစ်ပွားပြီး ကမ္ဘောဒီးယား စစ်သားနှစ်ဦး ထိခိုက်ဒဏ်ရာရရှိ ခဲ့တယ်လို့ ပြောထားပါတယ်။

အရှေ့တောင်အာရှ အိမ်နီးချင်းနှစ်နိုင်ငံကြား ဆယ်စုနှစ်ပေါင်းများစွာကြာပြီ ဖြစ်တဲ့ နယ်စပ် အငြင်းပွားမှုတွေကြောင့် ပြီးခဲ့တဲ့နှစ်က စစ်ရေး ပဋိပက္ခတွေ ဖြစ်ပွားခဲ့ပါတယ်။
ဒီဇင်ဘာလက တိုက်ပွဲတွေကြောင့် လူဒါဇင်ပေါင်းများစွာ သေဆုံးခဲ့ပြီး နှစ်နိုင်ငံစလုံးမှာ စစ်ဘေးရှောင်ရသူ တစ်သန်းလောက် ရှိခဲ့ပါတယ်။
ဇန်နဝါရီ ၆ ရက် မနက်ပိုင်းမှာ ကမ္ဘောဒီးယားက အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုကို ချိုးဖောက်ပြီး အူဘွန် ရတ်ချာသာနီပြည်နယ်ကို မော်တာ သေနတ်တွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ ထိုင်းစစ်တပ်ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ထိုင်းစစ်သားတစ်ဦး ချွန်ထက်တဲ့ ပစ္စည်းကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ အဲဒီ ကြေညာချက်မှာ ရေးပါတယ်။
နောက်ပိုင်းမှာ ကမ္ဘောဒီးယားက ထိုင်းဖက်ကို ဆက်သွယ်ပြီး ပစ်ခတ်ဖို့ ရည်ရွယ်ချက် မရှိခဲ့ကြောင်းနဲ့ အဲဒီ ဖြစ်ရပ်ဟာ ကမ္ဘောဒီးယား စစ်သားတွေရဲ့ စစ်ဆင်ရေးဆိုင်ရာ မှားယွင်းမှုကြောင့် ဖြစ်ရတာ ဖြစ်တယ်လို့ ပြောကြားခဲ့ကြောင်း ထိုင်းစစ်တပ်က ပြောပါတယ်။

ကမ္ဘောဒီးယား စစ်တပ်အနေနဲ့ ထိန်းထိန်းသိမ်းသိမ်းရှိဖို့နဲ့ အလားတူ ဖြစ်ရပ်မျိုး ထပ်ပြီး ဖြစ်ပွားမယ်ဆိုရင် ထိုင်းက လက်စားပြန်ချေမှာ ဖြစ်ကြောင်း ထိုင်းက သတိပေးထားပါတယ်။
ထိုင်းနိုင်ငံ အူဘွန် ရတ်ချာသာနီပြည်နယ်နဲ့ မျက်နှာချင်းဆိုင်မှာ ရှိတဲ့ ကမ္ဘောဒီးယားရဲ့ ပရီယာ ဗီဟီယာ ပြည်နယ်မှာ ကမ္ဘောဒီးယား စစ်သားနှစ်ဦး ဇန်နဝါရီ ၆ ရက် မနက်ပိုင်းက ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကမ္ဘောဒီးယား ကာကွယ်ရေးဝန်ကြီးဌာနက ဖော်ပြထားပါတယ်။
ကမ္ဘောဒီးယား တပ်ဖွဲ့တွေ တာဝန်ထမ်းဆောင်နေချိန် အမှိုက်ပုံက ပေါက်ကွဲမှု ဖြစ်ပြီး စစ်သားနှစ်ဦး ဒဏ်ရာရရှိခဲ့တာ ဖြစ်တယ်လို့ ပြောရေးဆိုခွင့်ရှိ အမျိုးသမီး မာလီ ဆိုချီယာတာက ဆိုပါတယ်။
ထိုင်းက စွပ်စွဲထားတဲ့ ပစ်ခတ် တိုက်ခိုက်တယ်ဆိုတဲ့ ကိစ္စကို သူက ပြောဆိုထားတာ မရှိပေမယ့် ဖြစ်ပွားခဲ့တဲ့ အခြေအနေနဲ့ပတ်သက်လို့ နှစ်နိုင်ငံ နယ်စပ်အဖွဲ့တွေ တိုင်ပင်ဆွေးနွေးပြီး ဖြေရှင်းဖို့ ကြိုးပမ်းနေတယ်လို့ ပြောပါတယ်။
ထိုင်း၊ ကမ္ဘောဒီးယားနဲ့ လာအို သုံးနိုင်ငံဆုံတဲ့ နေရာ မြတြိဂံဒေသမှာ ပေါက်ကွဲမှု ဖြစ်ပွားခဲ့တာ ဖြစ်တယ်လို့ ကမ္ဘောဒီးယားက ပြောပါတယ်။
ဒီအတောအတွင်း ထိုင်းက ကမ္ဘောဒီးယား နယ်နိမိတ် တစ်ခုကို သိမ်းယူထားတယ်ဆိုတဲ့ စွပ်စွဲမှု ရှိနေပြီး နယ်စပ် တင်းမာမှုတွေ ဆက်ရှိနေပါတယ်။
Ref:AFP/CNA

