ရှန်ဟိုင်း၊ ဇန်နဝါရီ ၇

မြောက်ကိုရီးယားရဲ့ နျူကလီးယား စီမံကိန်းကို တားဆီးရေး မိမိကို ကူညီပေးဖို့ တရုတ်သမ္မတ ရှီကျင့်ဖျင်အား တိုက်တွန်းခဲ့ကြောင်း တောင်ကိုရီးယား သမ္မတ လီဂျေးမြောင်က ဇန်နဝါရီ ၇ ရက်မှာ ပြောလိုက်ပါတယ်။

မြောက်ကိုရီးယားရဲ့ အစုလိုက်အပြုံလိုက် ဖျက်ဆီးနိုင်တဲ့ လက်နက်တွေ တီထွင်ထုတ်လုပ်နေမှုကို အခြေအနေပေးရင် တားဆီးလို့ရနိုင်တယ်လို့ သမ္မတ လီဂျေးမြောင်က ပြောပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်က သမ္မတ လီရဲ့ ခရီးစဉ်ဟာ တောင်ကိုရီးယား ခေါင်းဆောင်တစ်ဦးရဲ့ ၆ နှစ်တာ အတွင်း ပထမဆုံး တရုတ်နိုင်ငံ ခရီးစဉ် ဖြစ်ပါတယ်။

တောင်ကိုရီးယားက မြောက်ကိုရီးယားနဲ့ ပူးပေါင်းဆောင်ရွက်လို့ မရဖြစ်နေတဲ့ အခြေအနေကို ကူညီ ဖြေရှင်းပေးဖို့နဲ့ သူတို့ရဲ့ အကြီးမားဆုံး ကုန်သွယ်ဖက် တရုတ်နဲ့ ဆက်ဆံရေးကို ကျယ်ကျယ်ပြန့်ပြန့် ပြန်ပြင်ဆင်ဖို့ ကြိုးပမ်းနေပါတယ်။

လီဟာ ဇန်နဝါရီ ၅ ရက်က ဘေဂျင်းမှာ ရှီကျင့်ဖျင်နဲ့ တွေ့ဆုံခဲ့ပြီး အဲဒီအချိန်မတိုင်ခင် တစ်ရက်က မြောက်ကိုရီးယားက ဂျပန်ပင်လယ်ထဲသို့ ပဲ့ထိန်း ဒုံးကျည် နှစ်စင်း စမ်းသပ် ပစ်လွှတ်ခဲ့ပါတယ်။

ခရီးစဉ်အပြီး ရှန်ဟိုင်းမှာ သတင်းထောက်တွေနဲ့ တွေ့ဆုံရာချိန် သမ္မတ လီက မြောက်ကိုရီးယားကိုဆွေးနွေးရေး စားပွဲဝိုင်းဆီ ပြန်ရောက်လာအောင် ကူညီပေးဖို့ ရှီကျင့်ဖျင်အား တိုက်တွန်းခဲ့တယ်လို့ ပြောပါတယ်။

မြောက်ကိုရီးယားရဲ့ နျူကလီးယား စီမံကိန်းအပါအဝင် ကိုရီးယားကျွန်းဆွယ်နဲ့ ဆက်စပ်တဲ့ ကိစ္စတွေမှာ ဘေဂျင်းက ကြားဝင်ညှိနှိုင်းသူအဖြစ် ပါဝင်စေဖို့ တောင်ကိုရီးယားက ဆန္ဒရှိကြောင်းနဲ့ ကိုရီးယား နှစ်နိုင်ငံကြား ဆက်ဆံရေး ထိခိုက်လာတာကို အကြောင်းပြုပြီး တရုတ်ခေါင်းဆောင်က မြောက်ကိုရီးယား အပေါ် သည်းခံမှု ပြသဖို့ မိမိတို့ကို တိုက်တွန်းခဲ့ကြောင်း သမ္မတ လီကဆိုပါတယ်။

မြောက်ကိုရီးယားက သူတို့ရဲ့ နျူကလီးယား လက်နက်ပိုင်ဆိုင်ထားတဲ့ အခြေအနေကို ပြန်လည် ပြင်ဆင်လို့ မဖြစ်နိုင်ဘူးလို့ ပြောထားပြီး တောင်ကိုရီးယားနဲ့ ဆက်ဆံရေးဟာ နှစ်များစွာ အတွင်း အဆိုးရွားဆုံး အခြေအနေသို့ ရောက်ရှိနေပါတယ်။

ကမ္ဘာလုံးဆိုင်ရာ ပထဝီနိုင်ငံရေး ပြဿနာတွေကို အလေးထား စောင့်ကြည့်နေပြီး မိမိတို့ရဲ့ နျူကလီးယား တပ်ဖွဲ့အနေနဲ့ တိုက်ပွဲဝင်ဖို့ အဆင်သင့်ရှိတယ်လို့ မြောက်ကိုရီးယားက ဇန်နဝါရီ ၅ ရက်က ပြောကြားခဲ့ပါတယ်။

Ref:AFP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.